နေပြည်တော်၊ စက်တင်ဘာ ၉
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊
လှိုင်သာယာမြို့နယ်၊ လှိုင်သာယာမြို့မရဲစခန်းသို့ လှိုင်သာယာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ
ဒေါ်သိန်းဌေး(၄၈)နှစ် ရောက်ရှိလာပြီး အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၊ အဌမတန်း (A)တွင် ပညာသင်ကြားနေသော ၎င်း၏သမီးဖြစ်သူ မမေယုယစိုး(၁၆)နှစ်၊ သူငယ်ချင်းများဖြစ်သည့်
မသက်ဖြူဖြူမြင့်(၁၄)နှစ်၊ မအေးအေးဖြိုး(၁၃)နှစ်နှင့် မနော်ဆာကပေါဖာ(၁၆)နှစ်တို့ ၄ ဦးသည် ၆-၉-၂၀၁၅ ရက်နေ့ နံနက် ၈ နာရီအချိန်က အချိန်ပို ကျောင်းတက်ရန်သွားရောက်ရာမှ ပြန်လည် ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း လာရောက်အကြောင်းကြားသဖြင့် လှိုင်သာယာမြို့မ ရဲစခန်းက လူပျောက်
အမှတ်စဉ်(၁၂/၂၀၁၅)ဖြင့် အမှုဖွင့်လှစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ရဲတပ်ဖွဲ့စခန်းများသို့
လူပျောက်ကြော်ငြာများ ပေးပို့ဆောင်ရွက်ခဲ့သည်။
၈-၉-၂၀၁၅ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် အဆိုပါအမျိုးသမီးငယ်(၄)ဦးမှာ နေပြည်တော်၊
ဥတ္တရသီရိမြို့နယ်ရှိ Jade City ဟိုတယ်တွင် ရောက်ရှိတည်းခိုနေကြောင်း တာဝန်သိ ပြည်သူတစ်ဦး၏
သတင်းပေးချက် အရ အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(နေပြည်တော်)မှ တပ်ဖွဲ့ဝင်များနှင့် ဘုရားကုန်း မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ
သွားရောက်စုံစမ်းရာ မမေယုယစိုး ပါ(၄)ဦးအား တွေ့ရှိရသဖြင့် ဘုရားကုန်းမြို့မရဲစခန်းသို့ ခေါ်
ယူစောင့်ရှောက်ထား ခဲ့ပြီး ၎င်းတို့၏မိဘများအား ဆက်သွယ်အကြောင်းကြားကာ ညနေ ၄ နာရီအချိန်တွင် မမေယုယစိုး၊ မသက်ဖြူဖြူမြင့်၊ မအေးအေးဖြိုးနှင့် မနော်ဆာကပေါဖာတို့အား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ သက်သေများရှေ့တွင် ပြန်လည်အပ်နှံပေးခဲ့ကြောင်း သတင်းရရှိသည်။'
ရဲဇာနည်