Damascus has denied recent reports saying that Russia was conducting military operations inside Syria .
ဝါရှင်တန် ၊ ၁၁-၉-၂၀၁၅
ဆီးရီးယား နိုင်ငံ၌ ဖြစ်ပွားလျက် ရှိသော ပဋိပက္ခနှင့် စပ်လျဉ်း၍ ရုရှားနိုင်ငံက စစ်အင်အားနှင့် လက်နက်ပစ္စည်း များကိုတိုးမြှင့် ထောက်ပံ့ နေသည်ဟူသော အစီရင်ခံစာ များအပေါ် အမေရိကန် နှင့် နေတိုးတပ်ဖွဲ့ က စိုးရိမ်လျက် ရှိကြောင်း စက်တင်ဘာ ၁ဝ ရက် ထုတ်ပြန်ချက် အရ သိရသည်။
ဆီးရီးယား အရေးတွင် ရုရှားနိုင်ငံ ပါဝင်မှုသည် ဖြစ်ပွားနေသော ပဋိပက္ခကို ဖြေရှင်းရာ၌ အထောက်အကူ ပြုမည် မဟုတ်ကြောင်း နေတိုးတပ်ဖွဲ့ အကြီးအကဲ ဂျန်စ်စတိုလ် တန်ဘာ့ဂ် က ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ရော့ဗ် ကို စက်တင်ဘာ ၉ ရက်၌ တယ်လီဖုန်းဖြင့် ပြောဆိုမှုတွင်
ထပ်တလဲလဲ ပြောကြားသည်။
ရုရှားနိုင်ငံသည် ပြီးခဲ့သည့် ရက်များ အတွင်းက ဆီးရီးယားနိုင်ငံ ကမ်းရိုးတန်းမြို့ ဖြစ်သော တာကျူ့မြို့ ရှိ ရုရှား ရေတပ်စခန်း သို့ တိုက်လေယာဉ် နှင့် တင့်ကားတင် ကမ်းထိုး ရေယာဉ် နှစ်စင်းအား စေလွှတ် ခဲ့ကြောင်း အမေရိကန် တာဝန်ရှိ သူများ၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။
သို့သော် ယင်းကဲ့သို့ စေလွှတ်မှုသည် အသစ်အဆန်း မဟုတ်ကြောင်း၊ ရုရှားအနေဖြင့် ကာလရှည်ကြာ ဆီးရီးယား နိုင်ငံသို့ စစ်ဘက် အထူးတပ်ဖွဲ့များ စေလွှတ်ခဲ့ပြီး လက်နက် ထောက်ပံ့မှုများ ကိုလည်း ပွင့်လင်း မြင်သာစွာ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ မာရီနာဇာခါရိုဗာ က စက်တင်ဘာ ၉ ရက်တွင် တုံ့ပြန် ပြောကြားသည်။
ထို့အပြင် ရုရှားနိုင်ငံသည် ဆီးရီးယား နိုင်ငံနှင့် စစ်ဘက် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို လျှို့ဝှက်စွာ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။ ဆီးရီးယား နိုင်ငံကလည်း နိုင်ငံပိုင်နက် အတွင်း ရုရှားတပ်ဖွဲ့၏ မည်သည့်စစ်ဘက် အင်အားမှ တိုးမြှင့်ခြင်း မရှိကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။
#PyiChitThar