Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ရွာ​တွေမှာ ရွံစရာ အ​ကောင်းဆုံးမြင်​ကွင်းက ဘုန်းကြီး​တွေက ရွာကိုအနိုင်​ကျင့်​တာဘဲ.....တဲ့

$
0
0

ရွာ​တွေမှာ ရွံစရာ အ​ကောင်းဆုံးမြင်​ကွင်းက ဘုန်းကြီး​တွေက ရွာကိုအနိုင်​ကျင့်​တာဘဲ.....တဲ့
(ရွာပြန်​ , ​ကျောင်းထိုင်​မယ့်​ ဘုန်းကြီးကို ဆရာဘုန်းကြီးက သြဝါဒ​ပေး​နေတာပါ)

ပညာရှိတို့  သြဝါဒ
=============

""ဆရာသမား၊ တပည့်တော် နောက်နှစ် ဆရာသမားဆီ စာမတက်ဖြစ်တော့ဘူးဘုရား ""

""အော် ကျောင်းပြောင်းမှာမို့လား""

""ကျောင်းပြောင်းဆို ရွာပြန်နေရမှာဘုရား။ ရွာကဆရာတော်က အသက်ရှစ်ဆယ်ငါးနှစ်၊ အိပ်ယာထဲ လဲနေပြီဘုရား။ တပည့်ကြီးဆိုလို့ တပည့်တော်ပဲရှိတာဘုရား၊ ရွာရဲ့ သာရေးနာရေး ဘာသာရေးတွေအတွက် တပည့်တော်ဆောင်ရွက်ရတော့မှာဘုရား""

""ရွာပြန်ပြီး ကျောင်းထိုင်ရတော့မယ် ဆိုပါတော့""

""မှန်ပါဘုရား""

""ငယ်ငယ်ရွယ်ရွယ် ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထိုင်ရတာဟာ ကံဆိုးမှုတစ်ခုပဲ၊ ဒါပေမယ့် အခြေနေက တောင်းဆိုလာတော့ မရှောင်လွှဲကောင်းဘူး၊ ကြိုးစားဘုရား၊ တပည့်တော်ကူညီနိုင်တာရှိရင်လည်းပြောဘုရား၊ ကူညီပါ့မယ်""

""တင်ပါ့၊ ရွာမှာကျောင်းထိုင်ရင် ဘာတွေဘယ်လိုလုပ်သင့်တယ်ဆိုတာ အကြံဥာဏ် သြဝါဒ ပေးပါဦးဘုရား""

""အကြံဥာဏ်ပေးရရင်တော့----
၁။ ဆွမ်းခံထွက်ပါ
၂။သပိတ်နဲ့စားပါ
၃။သစ်ပင်စိုက်ပါ
၎။စာဖတ်ဝိုင်းနဲ့စာကြည့်တိုက်ဖြစ်အောင်ကြိုးစားပါ
၅။ဘုရားမတည်နဲ့
၆။ပဋ္ဌာန်းပွဲမလုပ်နဲ့
၇။ဘာသာရေးအာဏာ မသုံးနဲ့
၈။ရပ်ရွာကို ကျောင်းအတွက် ငွေခွဲတာ ကောက်တာမလုပ်နဲ့
၉။ ရပ်ရွာရဲ့ ပညာရေး ကျန်းမာရေး ဖွံ့ဖြိုးရေးကို ဦးဆောင်နိုင်အောင်ကြိုးစား
၁၀။ ကျောင်းဆရာဆရာမတွေကို ကူညီပေးနိုင်အောင်ကြိုးစား
၁၁။ ကိုရင်ရပြီးရောဆိုပြီး အတင်းမဝတ်ခိုင်းနဲ့
၁၂။ ဆက်ဆံရေးမှာ သွေးမခြားနဲ့
၁၃။ ပိဋကတ်သုံးပုံမြန်မာပြန်စာအုပ်တွေဝယ်ထား။ စာဖတ်ချိန်တစ်ချိန်ယူပြီးဖတ်နေပါ
၁၃။ တရားစခန်းဖွင့်နိုင်အောင်ကြိုးစား

ဒီလောက်ဆိုအဆင်ပြေပါပြီ""

""ဘယ်လိုမှတော့ မအောက်မေ့ပါနဲ့ဆရာသမား၊ ဆရာသမားမှာတာတွေက အများနဲ့ဆန့်ကျင်ဘက်ဖြစ်နေသလားလို့၊ ပြီးတော့ တပည့်တော်စိတ်ကူးထားတာတွေနဲ့လည်း တခြားစီပဲ၊ ဘာကြောင့် အခုလိုပြောရတာလဲဆိုတာ အကျယ်ပြောပါဦးဘုရား""

""အခုလို ပြန်မေးလို့ကျေးဇူးတင်ပါတယ်။ အကျယ်ပြောကြည့်တာပေါ့။ အရှင်ဘုရားတို့ရွာတွေဘက်မှာ ဆွမ်းခံထွက်ကြသေးလား""

""မထွက်ကြတော့ဘူးဘုရား၊ ကျောင်းလာပို့တဲ့ ပို့ဆွမ်းကိုစားကြတာဘုရား""

""စားတော့ရော သပိတ်နဲ့လား ခေတ်ပေါ် ပန်းကန်ပြားတွေနဲ့လား""

""ပန်းကန်ပြားတွေနဲ့ဘုရား""

""တပည့်တော်တို့သာသနာ တစတစ နိမ့်ကျလာခြင်းရဲ့အကြောင်းတွေထဲမှာ ဘုန်းကြီးတွေဇိမ်ယစ်လာတာနဲ့ အခြေခံကျင့်ဝတ်တွေ ဖောက်ဖျက်လာတာလည်း တစ်ကြောင်းပဲ။ သူတို့က ပို့ဆွမ်းစားရတာကို ဘုန်းကြီးလို့ဆိုပြီး ဂုဏ်ယူကြတယ်၊ ပို့ဆွမ်းများမများတောင်ပြိုင်လိုက်သေး၊ တလွဲဆံပင်ကောင်းနေကြတာ။ ဘုရားထက် ဘယ်ဘုန်းကြီးက ဘုန်းကံသာနိုင်မလဲ၊ ဘုရားသာဇိမ်ခံချင်ရင် တပည့်တော်တို့ထက် အဆအသိန်းမက ဇိမ်ခံလို့ရတာပေါ့၊ ဒါပေမယ့် ဆွမ်းခံကြွဘုဉ်းပေးခဲ့တယ်ဘုရား၊ သာသနာ့အစဉ်လာအလာကို ချမှတ်သွားတာပဲ၊ တပည့်တော်တို့က ဒီအခြေခံ သာသနာ့ဝတ်လောက်မှ မကျေချင် ဇိမ်ယစ်ချင်တယ်ဆိုရင် ဘယ်လိုလုပ် သာသနာပြုမလဲ ၊ ပြည်သူရဲ့စစ်မှန်တဲ့ သဒ္ဓါနဲ့ဂါရဝကိုရမလဲဘုရား၊ ကကြီးခကွေးမှ မကြေညက်ပဲ ပါမောက္ခတက်လုပ်နေသလိုဖြစ်နေမှာ၊ ဒါကြောင့် မဖြစ်မနေ ဆွမ်းခံကြွပါ၊ သပိတ်နဲ့စားပါ ""

""တင်ပါ့ဘုရား""

""ရွာတွေဘက်က ဘုန်းကြီးကျောင်းအများစုက မြေနေရာ ကျယ်ဝန်းကြတယ်၊ အရှင်ဘုရားတို့ရွာကျောင်းရော ကျယ်သလားဘုရား""

""မှန်ပါ၊ ကျယ်ပါတယ်ဘုရား။""

""မြေတွေကို အလကားမထားနဲ့ဘုရား၊ စားပင် သီးပင် အရိပ်ပင် ပန်းပင်တွေကို စနစ်တကျ အကွက်ချစိုက်ဘုရား၊ ဘုရားကျောင်းဆိုတာ လောကအရိပ် ဓမ္မအရိပ် ပေးတဲ့နေရာမို့ သစ်ပင်ရှိဖို့လိုတယ်၊ ခေတ်ပေါ်ပစ္စည်းတွေ များများထားနိုင်ဖို့ထက် အရိပ်ကောင်းတဲ့နေရာဖြစ်ဖို့က ပိုအရေးကြီးတယ်၊ မြတ်စွာဘုရားနဲ့ ရဟန္တာအရှင်မြတ်တွေ သီတင်းသုံးတဲ့နေရာတွေကြည့်ပေါ့ ၊ အရိပ်ကောင်းတဲ့ တောအုပ်တွေပဲ။ ဇေတဝန်၊ ဝေဠုဝန်၊မဟာဝုန်၊မိဂဒါဝုန် ဒါတွေကိုကြည့်ပေါ့၊ ဝန် နဲ့ ဝုန်က ဝန ဆိုတဲ့ပါဠိကလာတာ၊ ဝန က တောလို့အနက်ထွက်တယ်။ တောအရိပ်တောင်အရိပ်မှာ မြတ်စွာဘုရားနဲ့သူတပည့်သားတွေနေတယ်ပေါ့၊ ခေတ်ပေါ်ပစ္စည်းတွေရဲ့အရိပ်မှာနေတာမဟုတ်ဘူး။ဒါကြောင့် သစ်ပင်မဖြစ်မနေစိုက်ပါ""

""တင်ပါ့ဘုရား""

""အရှင်ဘုရားရဲ့ စွမ်းဆောင်နိုင်မှုနဲ့ ကံတရားပေါ်မူတည်ပြီး တပည့်တပန်းဆိုတာလည်းပေါ်လာမှာပဲ၊ အများစုက ကိုရင် ကျောင်းသားတွေကို ခိုင်းစားဖို့မွေးကြတာ။ ဘုန်းကြီးယုတ်တွေပေါ့။ အရှင်ဘုရား အဲဒီအယုတ်စာရင်းထဲမပါပါစေနဲ့။ ကလေးတွေကို ပျိုးထောင်မယ် စောင့်ရှောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိမှ တပည့်မွေးပါ။ ကလေးတွေကို ထိန်းရခက် ပြောရခက်တယ်လို့ ညီးကြတယ်။ အမှန်က မကိုင်တွယ်တတ်လို့။ ကလေးနဲ့လိုက်ဖက်မည့် စည်းကမ်းလေးတွေချ၊ ကစားဖို့လည်းလုပ်ပေး၊ အိပ်ချိန် စားချိန် ကစားချိန် စာသင်ချိန် မှန်ကန်တိကျအောင် ဂရုစိုက်၊ ငါဘုန်းကြီးပဲဆိုပြီး စည်းမဖောက်နဲ့၊ အရှင်ဘုရား စည်းမဖောက်သရွေ့ ကလေးတွေထိန်းရတာ သိပ်လွယ်လိမ့်မယ်။ မဖြစ်မနေ လုပ်ပေးသင့်တာက စာဖတ်ဝိုင်းပဲ၊ ကလေးတွေစာဖတ်ပြီဆိုတာနဲ့ အရှင်ဘုရားအောင်မြင်မှု စ ပြီသာမှတ်၊ ကလေးတွေကြိုက်မည့် စာအုပ်တွေ ရှာထားပေးပါ""

""တင်ပါ့ဘုရား""

""ဘုန်းကြီးလောကမှာ အရူးရောဂါတစ်မျိုးရှိတယ်၊ အဲဒါ ဘာလဲဆိုတော့ ကိုယ်ဟာ ဘုန်းကြီးသူ သမိုင်းမှာကျေးဇူးတင်ခံရမည့်သူလို့ ပုံဖော်ချင်ကြတဲ့ရောဂါပဲ။ အဲလိုပုံဖော်ဖို့ သူတို့လုပ်ကြတာက မလိုအပ်ပဲ ဘုရားတွေလျှောက်တည်တာပဲ။ ဒကာ ဒကာမတွေကလည်း ဘုန်းကြီးမြှောက်လုံးမိပြီး ဘုရားဒကာ ဆိုတဲ့ စကားလုံးမှာ ရူးပြီး မရှိရှိတာရောင်းလှူကြတော့တာပဲ။ ရွာမှာ တကယ်လိုအပ်နေတဲ့ လျှပ်စစ်မီး၊ လမ်း၊ တံတား၊ စာသင်ကျောင်း၊ စာကြည့်တိုက်၊ ကစားကွင်း၊ ဆေးပေးခန်းတွေ ကြ မလုပ်ကြဘူး၊ မလိုအပ်တဲ့ ဘုရားတွေကျတော့ သိန်းထောင်ချီအကုန်ခံတည်ကြတယ်ဗျား၊ အရူးတကာအရူးထဲမှာ ဘာသာရေးအရူးဟာ အဆိုးဆုံးပဲ၊ အရူးစာရင်းထဲ အရှင်ဘုရားမပါစေနဲ့။ ""

""တင်ပါ့၊ ပဋ္ဌားန်ပွဲရော ဘာလို့မလုပ်ခိုင်းတာလဲ""

""ရှင်းပါတယ်၊ ဘာမှနားမလည်တဲ့စာတွေ လော်စပီကာတပ်ပြီး မနားမရပ် ဖြဲအော်နေတာ ကုသိုလ်ကတစ်ကျပ်သား အကုသိုလ်က ကိုးဆယ့်ကိုးကျပ်သားလောက်ဖြစ်နေတာ၊ ပိုက်ဆံလည်းကုန်သေး၊ ဘာအကျိုးမှ မကျန်ဘူး။ဒါကြောင့်မလုပ်ခိုင်းတာ။ အရှင်ဘုရားကျောင်းမှာ ဘာအသံချဲ့စက်မှကိုမထားပါနဲ့""

""တင်ပါ့ဘုရား""

""ရွာတွေမှာ ရွံစရာအကောင်းဆုံးမြင်ကွင်းက ဘုန်းကြီးတွေက ရွာကိုအနိုင်ကျင့်တာပဲ၊ ဘာသာရေးနဲ့ ခြိမ်းခြောက်ပြီး အာဏာသုံးကြတာ၊ သူတို့စိတ်ကူးပေါက်ရာလျှောက်လုပ်၊ ငွေလိုတော့ ရွာခွဲ၊ ငွေမထည့်ရင် ဖိအားပေးခြိမ်းခြောက်၊ လူတစ်ချို့ဆီက အသံတွေထွက်လာပြီ၊ ဆပ်ကြေးကောက်တာထက်ဆိုးသတဲ့၊ ဓားပြဗိုလ်ဘုန်းကြီးဝတ်နေသတဲ့၊ အရှင်ဘုရားလည်း ဓားပြစာရင်းထဲမပါစေနဲ့၊ တစ်ကျပ်လှူလှူ တစ်ဆယ်လှူလှူ သူတို့ရဲ့ ပကတိသဒ္ဓါတရားနဲ့လှူတာပဲအလှူခံပါ။ ဘာသာရေးအာဏာမသုံးနဲ့၊ သင်္ကန်းဝတ်ဓားပြမလုပ်နဲ့၊ ကျောင်းအတွက် ကိုယ့်အတွက် ရွာကို ငွေတစ်ကျပ်မှ မခွဲစေနဲ့""

""တင်ပါ့ဘုရား""

""အခုရွာမှာ မီးရပြီလား""

"မရသေးပါဘုရား""

""စာသင်ကျောင်းကရော ကောင်းရဲ့လား""

""မကောင်းပါဘုရား""

""ဒါဆို ရွာပြန်ရောက်တာနဲ့ ဘာသာရေးဦးစားပေးမလုပ်သေးပဲ ရပ်ရွာဖွံ့ဖြိုးရေးအရင်လုပ်ပါ၊ အဝေးကလာတဲ့ ကျောင်းဆရာ ဆရာမတွေ နေရေးထိုင်ရေးအဆင်ပြေအောင် စီမံပေး၊ ရပ်ရွာက ရေပဲ၊ သာသနာက ကြာပဲ၊ ရေမြင့်မှ ကြာတင့်မှာဘုရား၊ ကြာတွေဟာ ရေအမြင့်ကို ထိုင်စောင့်လို့မရဘူး။ ရေတွေမြင့်လာအောင် ဆွဲတင်ရတော့မယ်၊ ရေမရှိပဲ ကြာမြင့်ချင်လို့မရဘူး။ဒါကိုသဘောပေါက်ဘုရား""

""တင်ပါ့ဘုရား""

""ရပ်ရွာနဲ့ဆက်ဆံရေးမှာ သွေးမခြားနဲ့၊ ရဟန်းဝတ်လာတဲ့နေ့က စ ပြီး ဆွေမျိုး လူမျိုး ဘာသာ ခွဲခြားမှုဆိုတာ မထားရတော့ဘူး။ တစ်ကမ္ဘာလုံးဟာ ဆွေမျိုးချည်းပဲ၊ သွေးနဲ့စပ်ရင်သာ ဆွေမျိုးတော်မတော်ရှိတာ ဓမ္မနဲ့စပ်ရင် မေတ္တာနဲ့ စပ်ရင် ဆွေမျိုးမတော်သူဆိုတာမရှိဘူး၊ အားလုံးအပေါ် အဂတိကင်းကင်းနဲ့ ဆက်ဆံရတယ်""

""တင်ပါ့ဘုရား""

""လူတွေနဲ့ဆက်ဆံတဲ့အခါ လောကဝတ်နဲ့မဆက်ဆံကောင်းဘူး၊ ဓမ္မဝတ်နဲ့ပဲ ဆက်ဆံရတယ်။ လောကဝတ်နဲ့ဆက်ဆံရင် ရဟန်းတန်ဖိုးကျဆင်းတယ်။ အများစုမြင်နေရတာက ပိုက်ဆံရှိဒကာ ဒကာမတွေဆို ကိုယ်တော်တွေက ခွံ့မကျွေးရုံ ဖင်ချီးသုတ်မပေးရုံ ထမီလျှော်မပေးရုံကျန်တော့တာ။ အပြိုင်ဖားကြ၊ အပြိုင်လောကွတ်လုပ်ကြ၊ အပြိုင်မြှောက်ကြနဲ့ မြင်မကောင်းဘူး။ ရဟန်းမာန မထားကြဘူး။ ရဟန်းအရည်သွေးညံ့လေလေ လောကဝတ် လုပ်ရလေလေပဲ။ ရဟန်းအရည်သွေးကို ပြည့်သထက်ပြည့်အောင် မြင့်သထက်မြင့်အောင် ကြိုးစားဘုရား""

""တင်ပါ့ဘုရား""

""ပိဋကတ်သုံးမြန်မာပြန်ကို မဖြစ်မနေဝယ်ထား။ ရဟန်းလုပ်ပြီး အနားမှာ ပိဋကတ်မထားပဲ ခေတ်ပေါ်ပစ္စည်းတွေထားရတာဂုဏ်ယူနေတဲ့ ရဟန်းငပေါတွေကလည်းအများသား၊ သိန်းရာချီကားတွေ တစ်နှစ်တစ်စီးပြောင်းစီးနေပေမယ့် တစ်နှစ်ကို ပိဋကတ်တစ်အုပ်တောင်မဝယ်ကြဘူး။သူတို့ ဘာတွေဟောပြောနေကြသလဲ၊လူတွေကရော ဘာတွေနာကြသလဲလို့ လေ့လာဖူးတယ်။ ငပေါရဟန်းနဲ့ ငပေါဒကာပဲ ၊ လိုက်ဖက်ကြတယ်။ ငပေါရဟန်းက ရှေ့ကနေထိုင်ပြီး ဆွဲငင်ငင်နဲ့ မြှောက်ပြော၊ ဒကာဒကာမတွေ လက်အုပ်လေးချီးပြီး မြှောက်ပင့်ပြောတာကို တရားလုပ်နာ သာဓုခေါ်၊ အဆင်ပြေနေကြတာ။ အဲဒီ ငပေါစာရင်းထဲ မပါဖို့ ပိဋကတ်တွေ စုံနိုင်သမျှစုံအောင်ဝယ်ထား၊ အချိန်တစ်ခုယူဖတ်၊ နေ့စဉ်ဘဝမှာ အကျိုးများမည့် ဒေသနာတွေပဲဟော ၊ မမြင်ရမကြားရ နောက်ဘဝကိုပြပြီး ငရဲနဲ့ခြောက် နတ်ပြည်နဲ့မြှောက်တဲ့တရားတွေမဟောနဲ့""

""တင်ပါ့ဘုရား""

""လူကြီးပိုင်းတွေအတွက် စခန်းဖွင့်ပေးဖို့လည်းကြိုးစား၊ အကျင့်မပါတဲ့အသိဟာ အနှစ်သာရမရှိဘူး""

""တင်ပါ့ဘုရား""

""အကျဉ်းချုပ်ပြန်ပြောရရင်တော့ ပြည်သူပြည်သားတွေဟာ မြေပြင်အဖြစ်နဲ့နေပြီး တပည့်တော်တို့ ဘုန်းကြီးရဟန်းတွေကို အမြင့်ဆိုတဲ့ ကောင်းကင်နေရာမှာထားခဲ့ကြတာ နှစ်ထောင်ချီခဲ့ပြီ၊ မွန်မြတ်တာဆိုလှူ ၊ အဦးအဖျားကိုလှူနဲ့ ။ တပည့်တော်တို့ခိုင်းတာလုပ်နဲ့ သူတို့တာဝန်ကျေခဲ့လှပြီဘုရား၊ တာဝန်မကျေကြတာက တပည့်တော်တို့ကောင်းကင်တွေပဲ၊ ပညာမတတ်တဲ့ကောင်းကင်တွေက ပညာမဲ့တိမ်တွေဖွဲ့၊ မှိုင်းမိုးတွေရွာခဲ့လို့ မြေပြင်မှာ အဆိပ်ပန်းတွေပွင့်စေခဲ့ကြတယ်ဘုရား။ ဒီနေ့ မြေပြင်တွေဟာ ပညာတတ်လာကြပြီ၊ကောင်းကင်ကို ပြန်ဖတ်ကြ စစ်ဆေးကြတော့မယ်။ အဖတ်မခံနိုင် အစစ်ဆေးမခံနိုင်ရင် ကောင်းကင်ရာထူးဖြုတ်ကြမယ်ဘုရား။ ရာထူးမပြုတ်ဖို့ ကောင်းကင်တွေ ပညာတတ်ဖို့လိုပြီ။ မြေပြင်က ပြောင်းလဲချိန်တန်ပြီ လို့ တညံညံအော် ကြိုးစားနေချိန်မှာ ကောင်းကင်တွေ ပညာမတတ်ပဲနေရင် ကောင်းကင်တွေ ခေါင်းကွဲချိန်တန်ပြီ လို့ ဆိုပါရစေတော့ဘုရား။ အရှင်ဘုရား ပညာတတ်တဲ့ ကောင်းကင်တစ်ခုဖြစ်ပါစေ""

""ကြိုးစားပါ့မယ်ဘုရား၊ ဒါပေမယ့်စိတ်ထဲ မဝံ့မရဲဖြစ်နေတယ်။ လုပ်နိုင်ပါ့မလား၊အောင်မြင်ပါ့မလား၊ပြောင်းလဲနိုင်ပါ့မလားလို့""

""သဘာဝဝိဓိဆိုတာ လောကမှာရှိတယ်ဘုရား။
-မှန်တဲ့အရာကို ဘယ်လောက်သေးသေး အကောင်းဆုံးလုပ်ပါ
-အဲလိုလုပ်ပြီဆို ဖြောင့်မတ်မှန်ကန်သူဖြစ်လာမယ်
-ဖြောင့်မတ်မှုဟာ ပေါ်လွင်လာမယ်
-ပေါ်လွင်ရာက တော်လာမယ်
-တော်တာက ပတ်ဝန်းကျင်ကိုရိုက်ခတ်တယ်
-ရိုက်ခတ်မှုက သက်ရောက်မှုဖြစ်စေမယ်
-သက်ရောက်မှုက ပြောင်းလဲမှုကို စတင်စေမယ်
-စတင်မှုဟာ ပန်းတိုင်ကိုရောက်စေမယ် တဲ့ဘုရား။ ဒီတော့ အားမငယ်ပါနဲ့။ မှန်တာကို အကောင်းဆုံးသာလုပ်လိုက်ပါ။ သဘာဝဝိဓိ က အဆုံးထိသယ်ဆောင်သွားပါလိမ့်မယ်""

""သဘာဝဝိဓိဆိုတာ ဘာလဲဘုရား""

"""သဘာဝတရားကပဲ သူ့အလိုလို စီမံဆောင်ရွက်သွားတာကိုပြောတာဘုရား""

""အခြားသံဃာတွေက မထောက်ခံရင်ရောဘုရား""

""သူတော်ကောင်းသံဃာတွေကထောက်ခံမှာပါ။ ဒီနေရာမှာ မဟာနာမ်ထုံး နှလုံးမူဘုရား""

""မဟာနာမ်ထုံး က ဘာလဲဘုရား""

""မဟာနာမ်က ဘုရားကိုလျှောက်ဖူးတယ်။ ဘုရားကတစ်ဖက် ကမ္ဘာလောကကြီးကတစ်ဖက် ဘက်ကွဲခဲ့မယ်ဆိုရင် ဘုရားဘက်နေမယ်တဲ့၊ အခုလည်း အရှင်ဘုရား စွဲကိုင်ထားရမှာက ဘယ်သူထောက်ခံခံ မထောက်ခံခံ ဘုရားထောက်ခံရင် ငါလုပ်မယ် လို့ ခံယူထားဘုရား""

""သဘောပေါက်ပါပြီဘုရား၊ ပညာတတ်ကောင်းကင်ဖြစ်ဖို့ ကြိုးစားပါ့မယ်ဘုရား""

မောင်ရဟန်း(သာသနာ့ရင်ခွင်)

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>