( အခင်းဖြစ်ခဲ့တဲ့ ၂ဝ၁၄ခုနှစ်၊ ဒီဇင်ဘာလက သူ တင်ခဲ့တဲ့ Post ပါ။ )
Photo Date >>> ဒီကနေ့ ဇူလိုင် ၂၃ ရက်နေ့
“အဓမ္မ စစ်တပ်နှင့် ကူကယ်ရာမဲ့ တောင်သူလယ်သမားများ”
တကယ်ဆိုရင် ကျမ ဒီနာမည်မျိုးကို မပေးချင်ပါဘူး။
ဒီစစ်တပ်ဆိုတာကကိုလိုနီနယ်ချဲ့ မျက်နှာဖြူစစ်တပ်လည်းမဟုတ်၊ယုတ်မာရိုင်းစိုင်းတဲ့ ဖက်ဆစ်ဂျပန် စစ်တပ်လည်းမဟုတ်၊စစ်တိုက်စားနေတဲ့ ကြေးစားစစ်တပ်လည်းမဟုတ်။
ကျမတို့ရဲ့ မောင်ရင်းနှမ သွေးသားရင်းတွေပါ။ကျမတို့တတွေ ကြိုက်ကြိုက် မကြိုက်ကြိုက်
စစ်တပ်ကိုယ်တိုင်က လက်ခံခံ မခံခံဒီစစ်တပ်ရဲ့ ဂုဏ်သိက္ခာဟာ ကျမတို့ နိုင်ငံသူနိုင်ငံသား
အားလုံးနဲ့ ပတ်သက်ပါတယ်။
ဒီစစ်တပ်ရဲ့ ကောင်းကျိုး ဆိုးကျိုးမှန်သမျှဟာလည်းကျမတို့ နိုင်ငံသူနိုင်ငံသားအားလုံးနဲ့ သက်ဆိုင်ပါတယ်။
ဒါ့ကြောင့် ဒီစစ်တပ်အပေါ် သူတကာတွေ နာမည်ဖျက်ကြတာမျိုးကျမကိုယ်တိုင် မလိုလားသလို၊ စစ်တပ်ကိုယ်တိုင်ကလည်းကိုယ့်ဂုဏ်သိက္ခာ ကျမယ့်အလုပ်မျိုး မလုပ်ဖို့ လိုအပ်ပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်၊သာယာကုန်းကျေးရွာအုပ်စုက လယ်ယာမြေနဲ့ ဥယျာဉ်ခြံမြေ
ဧက(၅၈၀၀)ကျော်ကို အမှတ်(၁)လက်နက်ခဲယမ်းမီးကျောက်တပ်နဲ့လေတပ်တပ်တို့ သိမ်းယူထားပြီး ဆုံးရှုံးနစ်နာသူ ဒေသခံတွေအဆင်ပြေအောင် ဘာမှဆောင်ရွက်ပေးမှု မရှိတဲ့အတွက်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီကိုသာမကဌာနဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကိုရော၊
နိုင်ငံတော်သမ္မတဆီကိုပါမကျန် အကြိမ်ကြိမ် စာရေးတင်ပြမေတ္တာရပ်ခံခဲ့ဖူးပါတယ်။ သတင်းစာ ရှင်းလင်းပွဲတွေလည်းအကြိမ်ကြိမ် ကျင်းပပြုလုပ်ပြီး တင်ပြခဲ့ခဲ့ဖူးပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်၊သာယာကုန်းကျေးရွာအုပ်စုမှာရှိတဲ့ အလံကွဲ၊ ရွှေလေး၊ ဂုံညင်း
တန်း၊ထိဖဒို၊ ကျောက်ပုန်း၊ကျွဲဒညင်းကုန်း၊ အင်းခနီ၊ မြေနီကုန်းနဲ့ကြေးဇွန်းကျေးရွာတွေဟာ လွန်ခဲ့
တဲ့နှစ်ပေါင်းရာချီကတည်းကတည်ရှိခဲ့တဲ့ ရှေးဟောင်းရွာတွေဖြစ်ကြပါတယ်။
ကရင်တိုင်းရင်းသားတွေအများစု နေထိုင်ကြပါတယ်။
အနည်းဆုံး နှစ်ပေါင်းနှစ်ရာကျော် သက်တမ်းရှိကြောင်းကိုဒေသခံရွာသူရွာသားတွေက သက်သေပြနိုင်ကြပါတယ်။လယ်ယာမြေနဲ့ ဥယျာဉ်ခြံမြေလုပ်ငန်းတွေကိုလည်းမိဘဘိုးဘွားစဉ်ဆက် အမွေခံလုပ်ကိုင်လာခဲ့ကြသလို၊ခေတ်အဆက်ဆက် အစိုးရများထံလည်း သက်ဆိုင်ရာအခွန်အခတွေ
ကျေလည်အောင် ထမ်းဆောင်ခဲ့ကြပါတယ်။
၁၉၉၃ခုနှစ်ရောက်တဲ့အခါမတော့(အရင်)ပင်မလက်နက်ခဲယမ်းမီးကျောက်တပ်၊
(အခု)အမှတ်(၁)လက်နက်ခဲယမ်းမီးကျောက်တပ်(CAD)ဟာသာယာကုန်းကျေးရွာအနီးက တောင်သုံးလုံးဘုရားဝင်း အတွင်းမှာစတင်အခြေချတပ်စွဲခဲ့ပြီးနောက် ဒေသခံတို့ရဲ့ဘိုးဘွားပိုင်မြေတွေကို
တပ်ပိုင်မြေအဖြစ် ကျောက်တိုင်တွေ စိုက်ထူပြီး သတ်မှတ်ခဲ့ပါသည်။
ဒါပေမဲ့လည်း ဒေသခံတွေအပေါ်မှာ ဘာအနှောင့်အယှက်၊ အဟန့်အတားမှမရှိခဲ့သေးပါဘူး။
၁၉၉၆ခုနှစ်အရောက်မှာတော့ ဘိုးဘွားပိုင် အိမ်ယာများ၊ ဥယျာဉ်ခြံမြေတွေနဲ့
လယ်ယာတွေကို စစ်တပ်က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရပ်ကွက်ဥက္ကဋ္ဌကတစ်ဆင့်
အသိပေးခဲ့ပါသည်။ အဲဒီ့အချိန်ကစပြီး ဒေသခံတွေဟာ ကိုယ့်ရဲ့ဘိုးဘွားပိုင်
လယ်ယာမြေတွေကို ဆက်လက်လုပ်ပိုင်ခွင့်ရဖို့အတွက် သက်ဆိုင်ရာ
အမှတ်(၁)လက်နက်ခဲယမ်းမီးကျောက်တပ်နဲ့ လေတပ်တို့ထံကနေ
နှစ်စဉ်ခွင့်ပြုချက်တောင်းခံပြီး တစ်ဧကလျှင်စပါး(၁၀)တင်းနှုန်းပေးသွင်းကြရပါတယ်။
နွေစပါးစိုက်ပျိုးမယ်ဆိုရင် နောက်တစ်ကြိမ် ထပ်မံပေးသွင်းရပါတယ်။
ဒေသခံတိုင်းရင်းသားတွေခမျာ လယ်ပိုင်ယာပိုင်ဘ၀ကနေ
လယ်ကျွန်ဘ၀သို့ ရောက်ရှိခဲ့ရပါတယ်။
အဲဒီ့အချိန်ကစပြီး စစ်တပ်ပိုင်မြေဖြစ်သွားပြီလို့ဆိုကာလယ်မြေခွန်တွေလည်း လာရောက်တောင်းခံခြင်း မရှိတော့တဲ့အပြင်၊အရင်ကပေးဆောင်ထားတဲ့ လယ်မြေခွန်ပြေစာဟောင်းတွေကိုပါ
သက်ဆိုင်ရာတပ်များက အဓမ္မ တောင်းယူသွားခဲ့ကြပါတယ်။
(ဒီ့နောက်မှာတော့ ဘာမှအထောက်အထားမှ မရှိဆိုပြီးဒေသခံတွေကို ကျူးကျော်တွေသဖွယ် ဆက်ဆံခဲ့ပါတယ်။)
၁၉၉၆ခုနှစ် နှောင်းပိုင်း စားကျက်မြေတစ်ခုမှာ အိမ်မြေကွက်တွေအစားပြန်ချထားပေးပေမယ့် လယ်ယာမြေနဲ့ သီးနှံတွေအတွက်အစားပေးခြင်းမဟုတ်ဘဲ၊ အိမ်နေရာအတွက်သာဖြစ်ပါတယ်။
ဒီ့အတွက်လည်း မြေတစ်ကွက်ကို ၁၅၀၀/(တစ်ထောင့်ငါးရာကျပ်)စီပေးသွင်းကြရပါတယ်။
အဲဒီ့အချိန်က ငွေမပေးသွင်းနိုင်သူတွေ မရရှိခဲ့ကြပါဘူး။
ဒေသခံတိုင်းရင်းသားတွေခမျာ ကိုယ့်မိသားစုဘ၀ရပ်တည်ရှင်သန်ရေးအတွက် သက်ဆိုင်ရာတပ်ဖွဲ့တွေထံကနေနှစ်စဉ်ခွင့်ပြုချက် တောင်းခံပြီး၊ တစ်ဧကလျှင်စပါး(၁၀)တင်းနှုန်း
ပေးသွင်းလို့ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြရပါတယ်။
၂၀၁၃ခုနှစ်ရောက်တဲ့အခါမှာတော့ သိမ်းဆည်းမြေတွေကိုစစ်တပ်က အုတ်တံတိုင်းကာရံဖို့ စီစဉ်ပါတော့
တယ်။
သနားစရာ့ ဒေသခံတွေက အကြိမ်ကြိမ်မေတ္တာရပ်ခံတဲ့ကြားကသုံးမိုင်မျှရှည်လျားတဲ့ အုတ်တံတိုင်း ကာရံခဲ့ပါတယ်။အဲဒီ့အုတ်တံတိုင်းကြောင့် ကျေးရွာအ၀င်အထွက်လမ်းတွေ ပိတ်ဆို့ခဲ့ပြီး
ကလေးငယ်တွေဟာ နေ့စဉ် ပင်ပမ်းဆင်းရဲ ကြီးစွာနဲ့ အုတ်တံတိုင်းကိုကျော်ဖြတ်ပြီး ကျောင်းတက်နေရပါ
တယ်။
အဲဒီ့လိုကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလယ်ယာမြေ စုံစမ်းရေးကော်မရှင်နဲ့တကွ
သက်ဆိုင်ရာ နိုင်ငံတော်အကြီးအကဲတွေထံတိုင်ကြားစာတွေ အကြိမ်ကြိမ်ပေးပို့ခဲ့ပါတယ်။
တောင်သူလယ်သမားတချို့ကို ခေါ်ယူတွေ့ဆုံ ရှင်းလင်းခဲ့ပေမယ့်ဘယ်လိုလိုက်လျောမှုမှ မရှိတဲ့အတွက် ဘယ်တုန်းကမှ ပြေလည်မှုမရရှိခဲ့ပါဘူး။
အခုလည်း ဒေသခံတိုင်းရင်းသားတောင်သူလယ်သမားတွေကိုနေအိမ်နဲ့ တဲတွေ အဓမ္မဖျက်ခိုင်းနေပါတယ်။ မဖျက်လို့ဆိုပြီး(ကျမရောက်တဲ့ မနက်မှာပဲ)စပါးစိုက်ခင်းတွေကို စစ်သားနဲ့ စွမ်းအားရှင် တစ်ရာခန့်က
ဝင်ရောက်ဖျက်ဆီးပါတယ်။
ပြည်သူလူထုရဲ့ထမင်းအိုးကို ရိုက်ခွဲတာပါလို့ပြောရင်ကြီးကြီးကျယ်ကျယ်တွေ ပြောတာဖြစ်နေပါ့မယ်။
နောက်ဆုံးအဆင့် လျှော့လျှော့ပေါ့ပေါ့ ပြောရရင်တော့ဒါဟာ တိုင်းပြည်ရဲ့ စပါးကျည်ကို တုတ်နဲ့ထိုးတာပါပဲ။
မနေ့ကတော့ CAD ရဲ့တပ်မှူးက ဒေသခံရွာသားဦးညိုမင်းကို ဆွေးနွေးဖို့ ခေါ်ပါတယ်။ ဦးညိုမင်းက
မပြောတတ်၊ မဆိုတတ်မို့ ကိုစံရွှေဆိုသူ လယ်သမားကလိုက်သွားပါတယ်။ သူတို့ယောင်္ကျားသားနှစ်ဦးကို
စိတ်မချရလို့ ရွာသူသုံးဦးကလည်း ခွင့်မပြုတဲ့ကြားကလိုက်သွားခဲ့ကြပါတယ်။ ကျမကိုတော့ လုံးဝ အတွေ့မခံပါဘူး။
အတွေ့မခံလို့ စစ်တပ်ရဲ့ဂိတ်ဝမှာပဲ ရပ်စောင့်နေခဲ့ရပါတယ်။
အဲဒီ့မှာ CAD တပ်မှူးဆိုသူ အမိန့်ပေးတာက(ခေါ်တုန်းက ဆွေးနွေးဖို့ဆိုပြီး၊ ဟိုကျတော့ အမိန့်ပေးတာဟာ
စစ်တပ်ရဲ့ ထုံးစံလား မသိပါဘူး)
“ ငါတို့ သုံးရက် အချိန်ပေးမယ်။ မင်းတို့ ဦးဏှောက်နဲ့ စဉ်းစား။သုံးရက်အတွင်းမှာမှ အိမ်တွေ၊ တဲတွေ
မဖျက်ပေးဘူးဆိုရင်၊ဒီ့ထက်များတဲ့အင်အားနဲ့ ငါတို့ လာဖျက်မယ် တဲ့။
ဒေသခံတိုင်းရင်းသား လယ်သမားတွေရဲ့ ဆန္ဒကတော့လုံးဝ ဖျက်မပေးနိုင်ပါဘူး တဲ့။ ဖြစ်လာသမျှကိုပဲ
ရင်ဆိုင်ပါ့မယ် တဲ့ ”
ကျမလည်း ရန်ကုန်မပြန်နိုင်တော့ဘဲ၊ ဒေသခံတွေနဲ့အတူဒုက္ခဆင်းရဲမှန်သမျှ ရင်ဆိုင်ရတော့မှာပါ။
တပ်မတော်အနေနဲ့အသစ်ပြဋ္ဌာန်းလိုက်တဲ့ ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေတွေနဲ့
ရှိနှင့်ပြီးဖြစ်တဲ့ တည်ဆဲဥပဒေတွေအရပဲဖြစ်ဖြစ်၊တပ်မတော်ရဲ့ဂုဏ်သိက္ခာကို မထိပါးစေဖို့ပဲဖြစ်ဖြစ်၊
တပ်မတော်နဲ့ ဒေသခံပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှုကိုထောက်ထားတဲ့ အနေနဲ့ပဲဖြစ်ဖြစ်၊
ကိုယ့်နိုင်ငံသားတွေရဲ့ဆုံးရှုံးနစ်နာမှုတွေကို အကာအကွယ်ပေးတဲ့ အနေနဲ့ပဲဖြစ်ဖြစ်၊
ဒေသခံတောင်သူလယ်သမားတွေရဲ့ အခက်အခဲတွေကိုပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးဖို့တာဝန်ဟာတပ်မတော်ရဲ့တာဝန်ပဲ ဖြစ်ပါတယ် …. ။
(ဒီတာဝန်ကို တပ်မတော်က မယူနိုင်ရင်တော့တပ်မတော်ရဲ့ဂုဏ်သိက္ခာအတွက် ကျမတို့က
ကိုယ့်နည်းကိုယ့်ဟန်နဲ့ တာဝန်ယူရတော့မှာပဲဖြစ်ပါတယ်)
မနက်က ကျမကိုဖမ်းဖို့ ရဲသွားခေါ်မယ်ဆိုပြီး ပြန်သွားကြတဲ့နောက်၊
နေ့လည် ၁၂း၃၀ ကျတော့ တပ်ထဲက ဗိုလ်မှူးတစ်ယောက်၊ဗိုလ်ကြီးတစ်ယောက်နဲ့အတူ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေပါစုစုပေါင်း(၁၂)ဦးလောက် ရောက်လာကြပါတယ်။
ကျမက “ကျမကို ဖမ်းဖို့ဆိုရင်တော့ ၀ရမ်းပါရမယ်၊အမျိုးသမီးရဲမေ ပါရမယ်နော်” လို့ လှမ်းပြောလိုက်ပါ
တယ်။
ဗိုလ်မှူးက “ဒေါ်စုစုနွေးကို ဖမ်းမလို့ မဟုတ်ပါဘူး။ ဆွေးနွေးချင်လို့ပါ။
ကျနော်တို့မှာ နယ်ထိန်းရဲ ပါလာပါတယ်။ သူ ရှင်းပြပါလိမ့်မယ်”ဆိုပြီး နယ်ထိန်းကို ရှင်းပြခိုင်းပါတယ်။
ဒါပေမဲ့ နယ်ထိန်းရဲက ဘာမှမပြောတော့ ဗိုလ်မှူးကပဲသူနဲ့ ကျမဟာ ရန်သူတွေ မဟုတ်ကြောင်း၊
တပ်ပိုင်မြေဟာ 144 ထုတ်ထားတဲ့နယ်မြေ ဖြစ်ကြောင်း၊ကျမကို တပ်ပိုင်မြေထဲ နောက်ထပ်မ၀င်ဖို့
တားမြစ်ကြောင်း၊နောက်တစ်ခါ ၀င်ခဲ့မယ်ဆိုရင်တော့ ရဲက သူ့အလုပ် သူလုပ်သွားတော့မှာ
ဖြစ်ကြောင်း …. စသဖြင့် ရှင်းပြပါတယ်။
(အခုမှသာ အဲဒီလောက် ပြေပြေလည်လည်ပြောတာပါ။ မနက်ကတော့
အလွန်ကို ရင့်ရင့်သီးသီး ဆက်ဆံပြီး၊ မိုက်မိုက်ရိုင်းရိုင်းတွေ ပြောခဲ့တာပါ)
ကျမကလည်း
“ကျမက တောင်သူလယ်သမားတွေရဲ့အကျိုးကို ဆောင်ရွက်နေတဲ့မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂရဲ့ တာဝန်ခံဖြစ်ကြောင်း၊ဒါ့ကြောင့် တောင်သူလယ်သမားတွေရဲ့ ကောင်းကျိုးဆိုးကျိုးတွေဟာ
ကျမနဲ့ တိုက်ရိုက်သက်ဆိုင်နေကြောင်း၊တောင်သူလယ်သမားတွေကို အကာအကွယ်ပေးဖို့
ကျမမှာ တာဝန်ရှိကြောင်း၊ ဒီ့အတွက် နောက်တစ်ကြိမ်တပ်ထဲမ၀င်ဖို့ကို ကတိမပေးနိုင်ကြောင်း ” ပြန်ပြောလိုက်ပါတယ်။
ဒီတော့ ဗိုလ်မှူးက သူ့အနေနဲ့လည်း အထက်က ခိုင်းတဲ့အတိုင်း လုပ်ရမှာပဲတဲ့။
အထက်က တပ်ပိုင်မြေတွေကို စောင့်ရှောက်လိုက်ပါဆိုတာကြောင့်မဖြစ်မနေ လုပ်ရမှာပဲ တဲ့။ နေအိမ်တွေနဲ့ တဲတွေကိုသာ ဖျက်ပေးမယ်ဆိုရင်စပါးခင်းတွေကို ဒီတစ်ရာသီတော့ ရိတ်သိမ်းခွင့် ပေးပါ့မယ် တဲ့။
နောက်ရာသီတွေမှာတော့ လုံးဝ စိုက်ပျိုးခွင့်တောင် မပေးနိုင်ပါဘူး တဲ့။
(သူတို့နေရာကိုပဲ လယ်သမားတွေက ကျူးကျော်ထားသလိုလို)
မိမိတို့ဘိုးဘွားပိုင်လယ်ယာမြေတွေ မတရားအသိမ်းဆည်းခံထားရတဲ့လယ်သမားတွေရဲ့ ဆန္ဒကတော့ ရှင်းပါတယ်။ လုံးဝ ဖျက်မပေးနိုင်ပါဘူး။ဖြစ်လာသမျှ ရင်ဆိုင်ပါ့မယ် တဲ့။
(သူတို့မှာ တခြားရွေးချယ်စရာလမ်း ရှိမှ မရှိတော့ဘဲလေ)
ဟုတ်ကဲ့ ကျမလည်း လယ်သမားတွေနဲ့ အတူရှိနေပါတယ်။
.
Credit : Su Su Nway , Kyaw Kyaw Htwe