နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းမှားနေသော်လည်း မဲပေးခွင့် ပြုသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံက သိရသည်။
အခြေခံမဲစာရင်း ပြင်ဆင်မှုများကို ဇူလိုင်လကုန်တွင် ပိတ်မည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်မှုကို သြဂုတ်လ တတိယသီတင်းပတ်တွင် ကြေညာသွားမည်ဖြစ်သည်။ ““မဲစာရင်းမှားနေရင် ရပ်ကျေးဖွံ့/ ထောက်အဖွဲ့ရဲ့ ထောက်ခံချက်ရရင် မဲပေးခွင့်ပြုသွားမှာပါ။ မဲစာရင်းတွေကတော့ မှားနေတာပဲ။ ဒီလိုခွင့်ပြုပေးတော့ မဲစာရင်းမှားရင်တောင် ကိစ္စမရှိတော့ဘူးပေါ့”” ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ရွေးကောက်ပွဲ အရာရှိ ဦးကျော်ကျော်စိုးက ပြောသည်။ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးနှင့် ရွေးကောက်ပွဲ အသိပညာပေးရေး ဆောင်ရွက်နေသည့် အဖွဲ့များအနေဖြင့် မဲစာရင်းတွင် ပါဝင်ရေးကိုသာ အဓိကထား ပညာပေးနေကြောင်း သိရသည်။
““သူတို့က ခွင့်ပြုချင်လို့ ခွင့်ပြုတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၅၀ (ဂ) အရ ခွင့်ပြုတာပါ။ ဒါ့ကြောင့်မို့လည်း မဲစာရင်းမှာ နာမည်ပါ၊ မပါဆိုတာပဲ သွားကြည့်ဖို့ တိုက်တွန်းတာပါ။ တကယ်လို့ မဲစာရင်းမှားရင် ပါတီကိုယ်စား လှယ်တို့၊ ဖွံ့/ ထောက်တို့က ထောက်ခံရင် မဲပေးခွင့်ရတယ်။ ဒီလိုမဲပေးခွင့်ရဖို့ အထောက်အထားက မှတ်ပုံတင် ၊ အိမ်ထောင်စုဇယား ကျောင်းသားကတ် ဖွားစာရင်း တစ်ခုခုပါ ရင်ရပြီ””ဟု ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးကွန်ရက်မှ ဦးညီညီကျော်က ပြောသည်။
မန္တလေးတိုင်း ဒေသကြီးအတွင်း မဲစာရင်း ပြင်ဆင်သူပေါင်း တစ်သိန်းကျော် ရှိသွားပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ထံမှသိရသည်။