ဗင်နီဇွဲလားရဲ့ တနင်္ဂနွေနေ့ လွှတ်တော်ရွေးကောက်ပွဲတွေမှာ အတိုက်အခံပါတီက အပြတ်အသတ် အနိုင်ရလိုက်လို့ ဆိုရှယ်လစ်စနစ်နဲ့ ၁၇နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ နိုင်ငံရဲ့ အာဏာချိန်ခွင်လျှာ အပြောင်းအလဲဖြစ်သွားစေပြီး လက်ရှိ အာဏာရပါတီကို မရှုမလှ အရေးနိမ့်စေခဲ့ပါ တယ်။
အတိုက်အခံညွှန့်ပေါင်းအဖွဲ့ဟာ ၁၆၇ နေရာရှိ လွှတ်တော်မှာ အမတ်နေရာ ၉၉ ခုထက်မနည်း အနိုင်ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲကျင်းပ ရေး အာဏာပိုင်တွေက တနင်္ဂနွေ ညသန်းခေါင်ကျော်မှာ ကြေညာခဲ့ပါတယ်။ အာဏာရ ဆိုရှယ်လစ်ပါတီဟာ ၄၆ နေရာသာ အနိုင်ရခဲ့ပါ တယ်။ ကျန်တဲ့ ၁၉ နေရာအတွက် ပြိုင်ဆိုင်ရဦးမှာဖြစ်ပေမယ့် အတိုက်အခံညွှန့်ပေါင်းအဖွဲ့မှာ လွှတ်တော်ကိုလွှမ်းမိုးနိုင်တဲ့ အမတ်နေရာ ၃ပုံ၂ပုံ ရရှိရင်တော့ လက်ရှိသမ္မတ နီကိုလပ်စ်မာဒူရို ရဲ့ ထိုင်ခုံကို အင်အားတောင့်တင်းစွာ စိန်ခေါ်နိုင်တော့မှာဖြစ်ပါတယ်။
ရွေးကောက်ပွဲကောင်စီဥက္ကဌက ရလဒ်တစ်စိတ်တစ်ပိုင်းကြေညာအပြီးမှာ မြို့တော် ကာရာကတ်စ်လမ်းတွေပေါ်မှာ ကားဟွန်းသံတွေ၊ မီးရှူးမီးပန်းပစ်ဖောက်သံတွေ၊ ပျော်မြူးဟစ်ကြွေးသံတွေ ဆူညံသွားခဲ့ပါတယ်။
ရလဒ်ထွက်အပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ သမ္မတ မာဒူရိုက အတိုက်အခံတွေရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုကာ သူတို့အတွက် ရလဒ် မကောင်းပေမယ့် ဗင်နီဇွဲလားနိုင်ငံရဲ့ ဒီမိုကရေစီ အောင်ပွဲခံခဲ့တာလို့ ပြောကြားခဲ့ပါတယ်။
` ဒီကနေ့ ကျနော်ပြောနိုင်တာကတော့ စီးပွားရေးစစ်ပွဲ အောင်ပွဲရလိုက်ပြီဆိုတာပါပဲ။ ´ လို့ သမ္မတအိမ်တော်ကနေ မာဒူရိုက ပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာတော့ အတိုက်အခံခေါင်းဆောင်တွေက သတိထားစရာ လေသံတွေ သုံးနှုန်းခဲ့ပြီး အခုနိုင်ပွဲဟာ စီးပွားရေးအကျပ်အတည်း ကြောင့် နှစ်ခြမ်းကွဲနေတဲ့နိုင်ငံမှာ နိုင်ငံရေးအရပြင်းထန်တဲ့ တိုက်ပွဲကာလတစ်ခုရဲ့ နိဒါန်းပျိုးမှု ဖြစ်နိုင်တယ်လို့ သတိပေးခဲ့ကြပါတယ်။
လာရောက်မဲပေးသူအရေအတွက်ဟာ ထူးထူးခြားခြား ၇၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ဒါဟာ သမ္မတရွေးကောက်ပွဲမှာ ပုံမှန်မြင်တွေ့နေကြ နှုန်းထားနီးနီးလောက်ဖြစ်ပါတယ်။ ဗင်နီဇွဲလား ပြည်သူတွေဟာ တိုင်းပြည်စီးပွားရေး ချောက်နှုတ်ခမ်းဝအထိ ရောက်စေခဲ့တဲ့ ငွေကြေးတန်ဖိုးထိုးဆင်းမှု၊ ဂဏန်းသုံးလုံး ငွေကြေးဖောင်းပွမှု နဲ့ ကုန်စည်အမျိုးမျိုးပြတ်လပ်မှုတွေအတွက် မာဒူရို အစိုးရ ကို ဒဏ်ခတ် လိုက်ကြတာဖြစ်ပါတယ်။
`ဗင်နီဇွဲလား မိသားစုတွေဟာ အမျိုးမျိုးသောနိမ့်ကျမှုတွေရဲ့ ဆိုးကျိုးတွေမှာ အသက်ရှင်နေထိုင်လာရတာ ငြီးငွေ့လှပြီ။ တိုင်းပြည် အပြောင်းအလဲကို လိုချင်နေကြတယ်၊ အပြောင်းအလဲက ဒီနေ့ပဲ စတင်နေပြီ´ လို့ အတိုက်အခံညွန့်ပေါင်းအဖွဲ့ဖြစ်တဲ့ ဒီမိုကရက်တစ်ညီညွှတ်ရေး အဖွဲ့ ခေါင်းဆောင် ဂျီးဆက်တော်ရီယယ်ဘာ က ရွေးကောက်ပွဲအောင်နိုင်ရေးဌာနချုပ်မှာ ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။
အတိုက်အခံတွေရဲ့ အနိုင်ရရှိမှုဟာ ကွယ်လွန်သူနိုင်ငံ့ခေါင်းဆောင် ဟူဂိုချာဗက်ဇ် လွန်ခဲ့တဲ့ ၁၇ နှစ်က စတင်ချမှတ်ခဲ့တဲ့ ဆိုရှယ်လစ် တော်လှန်ရေးအတွက် အကြီးအကျယ်ထိုးနှက်မှုကြီးတစ်ခု ဖြစ်ပါတယ်။ ချာဗက်ဇ်ဟာ ဗင်နီဇွဲလားလူထုအပေါ် နိုင်ငံရေးသြဇာကြီးမားခဲ့သူ ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ဒါ့အပြင် ဒီနိုင်ပွဲဟာ ချာဗက်ဇ်ရဲ့ အရှိန်အ၀ါ အကျိုးဆက်ကြောင့် အာဏာကြီးလာခဲ့ပြီး လတ်တလောနှစ်တွေမှာတော့ ဒေသတခွင်တပြင် စီးပွားရေးနှေးကွေးကျဆင်းမှု၊ အတွင်းလှိုက်စားနေတဲ့ အကျင့်ပျက်ခြစားမှုတွေအပေါ် မဲဆန္ဒရှင်တွေရဲ့ မနှစ်မြို့ဒဏ်ခတ်မှုတွေနဲ့ အကြီးအကျယ်ရင်ဆိုင်လာရတဲ့ လက်တင်အမေရိကရဲ့ လက်ဝဲသမားတွေအတွက်လည်း ထိုးနှက်မှုကြီးတစ်ရပ်ဖြစ်ပါတယ်။
Ref: AP
Kumudra
......