၀ါရွင္တန္ ေဒသစံေတာ္ခ်ိန္ ဗုဒၶဟူးေန႔ည ၁၁ ေလာက္မွာ ထြက္မယ့္ အေမရိကန္ထီ Powerball ရဲ႕ စုစုေပါင္း ဆုေၾကးေငြဟာ အခုခ်ိန္မွာ အေမရိကန္ေဒၚလာ သန္း ၁,၅၀၀ ရွိသြားၿပီျဖစ္တဲ့အတြက္ လူအေတာ္မ်ားမ်ားက ထီလက္မွတ္ေတြ၀ယ္ၿပီး စိတ္လႈပ္ရွားစြာနဲ႔ ေစာင့္ဆုိင္းေနၾကပါတယ္။
တျခား အေမရိကန္ ႏုိင္ငံသားေတြနည္းတူ ဒီမွာေရာက္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြဟာလည္း Powerball ထီကုိ စိတ္အားထက္သန္စြာ ထုိးထားၾကတဲ့အေၾကာင္း မယ္ရီလန္းျပည္နယ္မွာ ေနထုိင္တဲ့ ဦးယဥ္ေထြးက ေျပာပါတယ္။
“အခုကေတာ့ အားလံုး မေမွ်ာ္လင့္တဲ့ ထီေပါ့ေနာ္။ အရင္တုန္းကေတာ့ သန္းေပါင္းက ၆၅၀ ပဲရွိတယ္။ အခုက သန္း ၁,၅၀၀ ျဖစ္သြားတယ္ဆုိေတာ့ လူေတြအားလံုးကေတာ့ သို႔ေလာ သို႔ေလာ သူပဲေပါက္မလား၊ ကိုယ္ပဲ ေပါက္မလားဆုိၿပီး ျဖစ္ေနၾကတယ္။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တုိ႔ကေတာ့ ကိုယ္လည္း ထုိးတယ္၊ သူငယ္ခ်င္းေတြ မိသားစုေတြလည္း အားလံုး ပါ၀င္ေအာင္ဆုိၿပီးေတာ့ က်ေနာ္ အကုန္ စုစည္းၿပီးေတာ့ မိသားစုတစုကို ၁၀ ႏႈန္းနဲ႔ ထုိးတယ္။ အစုလုိက္ အစုလိုက္ ထုိးတာလည္း ပါတယ္ဗ်။ အခုတင္ က်ေနာ္တုိ႔ အားလံုးေပါင္း မိသားစုေပါင္း ၆၈ ဦး ေပါင္းထိုးတာ ေဒၚလာ ၆၈၀ ဖိုး ထုိးတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ဒီလိုမ်ိဳးထီက တသက္မွာ တခါမွ မၾကားဖူးတဲ့ ေပါက္ေၾကးပဲေလ။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တုိ႔ ၀ိုင္းၿပီး ေမွ်ာ္လင့္ခ်က္ေပါ့ဗ်ာ ေျပာလို႔မရဘူး။ လူဆုိတာ ကံဆုိတာ ကံပါလာတဲ့တေန႔ ေပါက္လာခဲ့ရင္လည္း အားလံုး ေကာင္းစားမယ္ဆုိတဲ့ ဆႏၵနဲ႔ က်ေနာ္တုိ႔ ၀ိုင္းထုိးၾကတာခင္ဗ်။”
ဒီ Powerball ထီကုိ အေမရိကန္ ႏုိင္ငံသားေတြတင္သာမကပဲ တ႐ုတ္ႏုိင္ငံသားေတြ အပါအ၀င္ ႏုိင္ငံတကာမွာ ရွိေနၾကသူေတြကလည္း အသိမိတ္ေဆြေတြကတဆင့္ အင္တာနက္ အြန္လုိင္းက လွမ္းထုိးေနၾကတဲ့ သူေတြလည္း ရွိေနပါတယ္။ ဒီထီဟာ အေမရိကန္ႏုိင္ငံအတြင္းမွာ ျပည္နယ္ေပါင္း ၅၀ ရွိတဲ့အထဲက ျပည္နယ္ေပါင္း ၄၄ ျပည္နယ္မွာ ထုိးႏုိင္ၾကတာ ျဖစ္ပါတယ္။
အပတ္စဥ္ တပတ္မွာ ၂ ႀကိမ္ဖြင့္တဲ့ ဒီ Powerball ထီကုိ ေဒၚလာ သန္း ၄၀ နဲ႔ စတင္တာ ျဖစ္ေပမဲ့ ေပါက္တဲ့သူမရွိရင္ ဆုေၾကးေငြဟာ တျဖည္းျဖည္းတုိးလာရာက လေပါင္းမ်ားစြာ ေပါက္တဲ့သူ မရွိခဲ့တဲ့အတြက္ ကမၻာမွာ မႀကံဳမွာ အမ်ားဆံုး ဆုေၾကးေငြအထိ ေရာက္လာခဲ့တာလည္း ျဖစ္ပါတယ္။
ဒီကေန႔ညမွာ ပထမဆုေၾကးကို ေပါက္တဲ့လူ ထြက္လာမယ္ဆိုရင္ေတာ့ အဲဒီလူဟာ Bill Gates, Warren Buffett နဲ႔ Donald Trump တို႔လုိပဲ ကုေဋႂကြယ္ သူေဌး ျဖစ္လာမွာပါ။ ဒါေပမဲ့လည္း အခုဆုေၾကးေငြ ပမာဏက အခြန္မျဖတ္ခင္ ပမာဏျဖစ္ပါတယ္။ ေပါက္တဲ့လူ တေယာက္ေယာက္က ဆုေၾကးေငြကို ၂၉ ႏွစ္အတြင္း အႀကိမ္ ၃၀ ႏွစ္စဥ္ ခြဲယူတာမ်ဳိးမဟုတ္ဘဲ တႀကိမ္ထဲနဲ႔ တလံုးတခဲထဲ ယူမယ္္ဆိုရင္ေတာ့ အခြန္မျဖတ္ခင္ ဆုေၾကးပမာဏဟာ ေဒၚလာ သန္း ၉၃၀ ပဲျဖစ္သြားမွာပါ။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.............................
၀ါရှင်တန် ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ည ၁၁ လောက်မှာ ထွက်မယ့် အမေရိကန်ထီ Powerball ရဲ့ စုစုပေါင်း ဆုကြေးငွေဟာ အခုချိန်မှာ အမေရိကန်ဒေါ်လာ သန်း ၁,၅၀၀ ရှိသွားပြီဖြစ်တဲ့အတွက် လူအတော်များများက ထီလက်မှတ်တွေဝယ်ပြီး စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေကြပါတယ်။
တခြား အမေရိကန် နိုင်ငံသားတွေနည်းတူ ဒီမှာရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာလည်း Powerball ထီကို စိတ်အားထက်သန်စွာ ထိုးထားကြတဲ့အကြောင်း မယ်ရီလန်းပြည်နယ်မှာ နေထိုင်တဲ့ ဦးယဉ်ထွေးက ပြောပါတယ်။
“အခုကတော့ အားလုံး မမျှော်လင့်တဲ့ ထီပေါ့နော်။ အရင်တုန်းကတော့ သန်းပေါင်းက ၆၅၀ ပဲရှိတယ်။ အခုက သန်း ၁,၅၀၀ ဖြစ်သွားတယ်ဆိုတော့ လူတွေအားလုံးကတော့ သို့လော သို့လော သူပဲပေါက်မလား၊ ကိုယ်ပဲ ပေါက်မလားဆိုပြီး ဖြစ်နေကြတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ ကိုယ်လည်း ထိုးတယ်၊ သူငယ်ချင်းတွေ မိသားစုတွေလည်း အားလုံး ပါ၀င်အောင်ဆိုပြီးတော့ ကျနော် အကုန် စုစည်းပြီးတော့ မိသားစုတစုကို ၁၀ နှုန်းနဲ့ ထိုးတယ်။ အစုလိုက် အစုလိုက် ထိုးတာလည်း ပါတယ်ဗျ။ အခုတင် ကျနော်တို့ အားလုံးပေါင်း မိသားစုပေါင်း ၆၈ ဦး ပေါင်းထိုးတာ ဒေါ်လာ ၆၈၀ ဖိုး ထိုးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးထီက တသက်မှာ တခါမှ မကြားဖူးတဲ့ ပေါက်ကြေးပဲလေ။ ဒါကြောင့်မို့လို့ ကျနော်တို့ ၀ိုင်းပြီး မျှော်လင့်ချက်ပေါ့ဗျာ ပြောလို့မရဘူး။ လူဆိုတာ ကံဆိုတာ ကံပါလာတဲ့တနေ့ ပေါက်လာခဲ့ရင်လည်း အားလုံး ကောင်းစားမယ်ဆိုတဲ့ ဆန္ဒနဲ့ ကျနော်တို့ ၀ိုင်းထိုးကြတာခင်ဗျ။”
ဒီ Powerball ထီကို အမေရိကန် နိုင်ငံသားတွေတင်သာမကပဲ တရုတ်နိုင်ငံသားတွေ အပါအဝင် နိုင်ငံတကာမှာ ရှိနေကြသူတွေကလည်း အသိမိတ်ဆွေတွေကတဆင့် အင်တာနက် အွန်လိုင်းက လှမ်းထိုးနေကြတဲ့ သူတွေလည်း ရှိနေပါတယ်။ ဒီထီဟာ အမေရိကန်နိုင်ငံအတွင်းမှာ ပြည်နယ်ပေါင်း ၅၀ ရှိတဲ့အထဲက ပြည်နယ်ပေါင်း ၄၄ ပြည်နယ်မှာ ထိုးနိုင်ကြတာ ဖြစ်ပါတယ်။
အပတ်စဉ် တပတ်မှာ ၂ ကြိမ်ဖွင့်တဲ့ ဒီ Powerball ထီကို ဒေါ်လာ သန်း ၄၀ နဲ့ စတင်တာ ဖြစ်ပေမဲ့ ပေါက်တဲ့သူမရှိရင် ဆုကြေးငွေဟာ တဖြည်းဖြည်းတိုးလာရာက လပေါင်းများစွာ ပေါက်တဲ့သူ မရှိခဲ့တဲ့အတွက် ကမ္ဘာမှာ မကြုံမှာ အများဆုံး ဆုကြေးငွေအထိ ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဒီကနေ့ညမှာ ပထမဆုကြေးကို ပေါက်တဲ့လူ ထွက်လာမယ်ဆိုရင်တော့ အဲဒီလူဟာ Bill Gates, Warren Buffett နဲ့ Donald Trump တို့လိုပဲ ကုဋေကြွယ် သူဌေး ဖြစ်လာမှာပါ။ ဒါပေမဲ့လည်း အခုဆုကြေးငွေ ပမာဏက အခွန်မဖြတ်ခင် ပမာဏဖြစ်ပါတယ်။ ပေါက်တဲ့လူ တယောက်ယောက်က ဆုကြေးငွေကို ၂၉ နှစ်အတွင်း အကြိမ် ၃၀ နှစ်စဉ် ခွဲယူတာမျိုးမဟုတ်ဘဲ တကြိမ်ထဲနဲ့ တလုံးတခဲထဲ ယူမယ််ဆိုရင်တော့ အခွန်မဖြတ်ခင် ဆုကြေးပမာဏဟာ ဒေါ်လာ သန်း ၉၃၀ ပဲဖြစ်သွားမှာပါ။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com