Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

၂၀၁၅ ရွေးကောက်ပွဲအပေါ် ကျွန်ုပ်တို့ ၏သဘောထား (ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထုတ်ပြန်ကြေညာချက်)

$
0
0
ရဲဘော်တို့  မိတ်ဆွေတို့  ပြည်သူလူထုအပေါင်းတို့ 
၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တင်ပြပါရစေ။
(၁)
ဘယ်လိုရွေးကောက်ပွဲမျိုးလဲ။
- ကျပ် ၄ ဘီလျံ (သန်း ၄ ထောင်) အကုန်အကျခံပြီး ကျင်းပမယ့်ပွဲ
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေ ပါမရတဲ့ပွဲ
- မတရားသင်းကြေညာခံထား၇တဲ့ပါတီတွေ၊ လူပုဂ္ဂိုလ်တွေ မပါရတဲ့ပွဲ၊
မဲပေးခွင့်မရှိတဲ့ပွဲ
- တိုက်ပွဲတွေဆက်ဖြစ်နေချိန် လုပ်တဲ့ပွဲ
- ကော်မရှင်အမိန့် ကြောင့် ရွေးကောက်ပွဲဝင်မယ့်ပါတီတွေ၊ လူပုဂ္ဂိုလ်တွေ
ခြေလက်အတုတ်အနှောင်ခံနေရတဲ့ပွဲ
- သူတို့ ကျိတ်မွေးထားတဲ့ 'လက်မရွံ့ 'တွေ လက်စွမ်းပြမယ့်ပွဲ
ချုပ်လိုက်ရင် 'လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ'ဆိုတာ
ဆိုင်းဘုတ်သက်သက်သာရှိတဲ့ပွဲဘဲ ဖြစ်ပါတယ်။
(၂)
၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ ဘာလဲ
အနှစ်ချုပ်
- လွှတ်တော်အသီးသီးမှာ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းယူထားပြီး
ကာချုပ်ရွေးထားတဲ့ ကိုယ်စားလှယ်အများစု ပါနေတဲ့ ကာလုံက အစိုးရနဲ့ 
လွှတ်တော်အပေါ် ဓားမိုးထားမှု
- အချိန်မရွေး အာဏာသိမ်းနိုင်တဲ့ ပြဌာန်းချက်
- စစ်တပ်နဲ့ ဖြစ်တဲ့ မှုခင်းတွေမှာ စစ်တပ်ကသာ စီရင်ပိုင်ခွင့်ရှိမှု၊
ကာချုပ်ရဲ့ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်ပြီး တရားလွှတ်တော်ချုပ်သို့ 
အယူခံတက်ခွင့်မရှိ (ကိုပါကြီးအမှုနှင့် ပြည်န၀ဒေးမုဒိမ်းမှုနမူနာ)
- လွှတ်တော်အသီးသီးမှာ ၂၅ ရာခိုင်နှုန်းယူထားတဲ့ စစ်တပ်ကိုယ်စားလှယ်တွေက
အသာစီးယူထားပြီး ပြည်သူလူထုသဘောထားဆန္ဒကို ကိုယ်စားမပြုတဲ့
သမ္မတရွေးချယ်တဲ့စနစ်
- တိုင်း/ပြည်နယ်လွှတ်တော်တွေမှာ ဘယ်ပါတီဘဲနိုင်နိုင် သမ္မတကဘဲ
သူကြိုက်တဲ့သူကို ၀န်ကြီးချုပ်ခန့် နိုင်ခွင့်
- အများပြောနေတဲ့ (၄၃၆)ကို ပြင်မရအောင် လုပ်ထားတာ (အများစုမဲနဲ့ 
ပြင်ကြည့်ပြီးပြီ၊ ပြင်မရ)
ဒီတော့ ဒါတွေသာဆက်ရှိနေမယ်ဆိုရင် ဘယ်သူတက်တက်၊ တက်သမျှ အစိုးရဟာ
ကာလုံဓားမိုးစေခိုင်းသမျှကို အကောင်အထည်ဖော်ရမှာသာ ဖြစ်တယ်။
စစ်တပ်ရဲ့ အကျိုးစီးပွားကို ထိလို့ မရပါ။ စစ် ၃ စစ်ကို အသက်နဲ့ လဲပြီး ကာကွယ်ဖို့ 
ဖိအားပေးခိုင်းစေတာ ခံကြရပါလိမ့်မယ်။ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ
အိပ်မက်တောင် မမက်နိုင်တဲ့ဘ၀ ရောက်ပါမယ်။
အကျိုးဆက်အားဖြင့် ပြည်သူတွေပိုပြီး ဆင်းရဲတွင်းနက်လာပါမယ်။ စစ်အရှိန် မြင့်လာ
ပါမယ်။ ခရိုနီများနဲ့  လက်ဝေခံဓနရှင်များကြောင့် ပြည်ပက နိုင်ငံရေး၊ စီးပွားရေး
စွက်ဖက်မှုတွေ ပိုတိုးများလာပါမယ်။ ဒါကြောင့် စစ်မှန်တဲ့ဒီမိုကရေစီရရှိရေးအတွက် ဆက်တိုက်ကြရဦးမှာပါလို့  ပြောလိုပါတယ်။

နောက်တချက်က ၂၀၀၈ အခြေခံဥပဒေအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွင်
ပါဝင်ယှဉ်ပြိုင်ခြင်းဟာ စစ်အုပ်စုအုပ်စိုးမှုကို တရားဝင် အသိအမှတ်ပြုပေးရာ
ရောက်သွားနိုင်ပါတယ်။
ဒီဥပဒေကို မဖျက်သိမ်းနိုင်မချင်း ဒီချုပ် (NLD)သည်ပင် သူ့ နိုင်ငံရေးရည်မှန်းချက်
များကို ဖော်ဆောင်နိုင်စရာအကြောင်း မမြင်ပါ။ စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက်
အလုပ်အကျွေးပြုရာသာ ရောက်ပါလိမ့်မယ်။ စစ်အုပ်စုကတော့ နိုင်ရင်လည်းနိုင်၊
ရှုံးရင်လည်း နိုင်သွားမှာပါ။ မိမိတို့ အနေနဲ့  NLD သူ့ လမ်းသူဆုံးအောင်
လျှောက်ကြည့် နေတာကို ကန့် လန့် တိုက်နေမှာ မဟုတ်ဘူးလို့  သတင်းစကား
ပါးချင်ပါတယ်။
ပြည်သူလူထုကြီးခင်ဗျား-
ဗကပ အနေနဲ့  စစ်အာဏာရှင်စနစ်ကို တရားဝင်ဆက်လက်သက်ဆိုးရှည်စေမယ့်
၂၀၀၈ အခြေခံဥပဒေအောက်က ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ
တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့  လုံးဝမယုံကြည်ကြောင်း
တင်ပြလိုပါတယ်။ အလားတူ အတိုက်အခံနိုင်ငံရေးပါတီများအနေနဲ့ လည်း
နေရာလုနေကြတဲ့ စစ်အုပ်စုထဲက တစုစုနဲ့ ပေါင်းပြီး နိုင်ငံရေးအာဏာ ရယူနိုင်တယ်
ဆိုတဲ့ နွေလယ်ခေါင်အိပ်မက်မျိုး မမက်မိကြဖို့  ပန်ကြားလိုပါတယ်။
ပြည်သူလူထုကြီးအနေနဲ့ လည်း အကြောင်းကြောင်းကြောင့် မဲပေးရတော့မယ်
ဆိုပါက ပြည်သူလူထုအကျိုးအတွက် ၂၀၀၈ အခြေခံဥပဒေကို အခြေခံကစပြီး
အမှန်တကယ် ပြင်လို ဖျက်သိမ်းလိုသည့် နိုင်ငံရေးပါတီများ/ပုဂ္ဂိုလ်များကို အားပေး
ထောက်ခံကြဖို့ လိုမယ် ထင်ပါတယ်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသမျှ
ကာလပတ်လုံး တိုင်းပြည်ရော ပြည်သူလူထုပါ ဆင်းရဲဒုက္ခနွံတွင်းက ကျွတ်ထွက်
နိုင်မှာ မဟုတ်တဲ့အပြင် လက်တဆုပ်စာ စစ်အုပ်စုရဲ့  ကိုယ်ကျိုးကြည့်မှုနဲ့ 
အမြော်အမြင်ခေါင်းပါးမှုကြောင့် အင်အားကြီးနိုင်ငံများရဲ့ အကျိုးစီးပွားပဋိပက္ခအကြား
အချုပ်အခြာအာဏာပိုင်ဆိုင်မှု ပျက်စီးသွားမယ့်အန္တရာယ် ရှိနေပါတယ်။
အာရှပစိဖိတ်အပူကွက်ဟာ လျော့ပါးမသွားတဲ့အပြင် အပူရှိန်မြင့်လာတာကို
သတိပြုရပါမယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းရေးအတွက်
တိုင်းချစ်ပြည်ချစ် နိုင်ငံရေးအင်အားစုများနဲ့  လက်တွဲပြီး အခွင့်အလမ်းရှိသည့်
မည်သည့်နိုင်ငံရေးလှုပ်ရှားမှုသဏ္ဍာန်ဖြင့်ဖြစ်စေ နိုးနိုးကြားကြား ကိုယ်တိုင်ပါဝင်
လှုပ်ရှားကြစေလိုကြောင်း ပန်ကြားလိုက်ပါတယ်။
(၃)
သမ္မတရာထူးနဲ့  သူတို့ တွင်းက ပြဿနာများ
သမ္မတရာထူးဆိုတာ လုပ်ပိုင်ခွင့်အာဏာရှိတဲ့ဘက်ကကြည့်ကြည့်၊ အခြံအရံနဲ့ 
လစာခံစားခွင့်တွေဘက်ကကြည့်ကြည့် မက်လောက်စရာရာထူး ဖြစ်နေတယ်။
ဒေါ်အောင်ဆန်းစုကြည် ၀င်ရွေးခွင့်မရတော့တာ သေချာသွားပြီးနောက် အာဏာရ
အုပ်စုထဲမှာ သမ္မတရာထူးလုပွဲက ပိုပြင်းထန်လာတာ တွေ့ ရတယ်။
လက်ရှိသမ္မတက နောက်ထပ်အရွေးခံမယ် မခံဘူး မကြေညာ။
သမ္မတဖြစ်ရေး အရူးအမူးကြိုးစားနေသူ လွှတ်တော်နာယကကြီးကတော့
သမ္မတဖြစ်ချင်ကြောင်း ဗြောင်ကြေညာပြီးပြီ။ တခါ 'ကျနော့်ကို သမ္မတကိုယ်တိုင်က
သူမပြိုင်တော့ပါဘူးလို့  စာရေးပြီး ပြောထားပြီးသား'လို့  ထုတ်ဖော်ပါတယ်။
ဒါကို သမ္မတရုံးက ငြင်းပါတယ်။
ခုနောက်ဆုံး ကာချုပ်ဆိုသူလည်း ဒီပြိုင်ပွဲထဲကို တိုးဝင်လာပြန်ပြီ။
ထိုင်းတို့ အီဂျစ်တို့ မှာတောင် ကာချုပ်တွေက သမ္မတဖြစ်သူဖြစ်၊ ၀န်ကြီးချုပ်
လုပ်သူလုပ် လုပ်နေတာဘဲ။ ဗမာပြည်မှာ ဘာလို့ မဖြစ်နိုင်ရမှာလဲလို့ 
တွေးချင်တွေးနေပါလိမ့်မယ်။ ဒါ့ကြောင့် ထင်ပါရဲ့ ၊ စစ်တပ်က ဘားတိုက်ထဲ
ပြန်ဝင်မယ့်ကိစ္စကတော့ ၅ နှစ်ကြာချင်ကြာမယ်၊ ၁၀ နှစ်ကြာချင်ကြာမယ်
ပြောမရဘူးလို့  BBC ကို တိတိကျကျအဖြေပေးလိုက်ပါပြီ။
၃ ယောက်စလုံးရဲ့  စကားခံတွေကတော့ စကားလုံးကွဲပေမယ့် တသဘောတည်း
ဖြစ်နေတာ သတိပြုမိကြပါလိမ့်မယ်။
'လိုအပ်လာရင်'၊ 'တာဝန်ပေးလာရင်'၊ 'ပြည်သူက တောင်းဆိုလာရင်'ဆိုတဲ့
အသုံးအနှုန်းတွေသုံးပြီး သမ္မတလုပ်မယ့်အကြောင်း ကြေညာလိုက်ကြတာပါ။
ဒါတွေဟာ လူထုနဲ့ နိုင်ငံရေးပါတီတွေ အာရုံထွေပြားအောင် လုပ်နေကြတာသာ
ဖြစ်တယ်။ စစ်အုပ်စုဆိုတာမှာ နံပတ် (၁) တယောက်ဘဲ ရှိတယ်။ အခြေခံဥပဒေ
စဆွဲစဉ်ကတည်းက အာဏာပြိုင်လေးတွေဖြစ်အောင် ဗိုလ်သန်းရွှေ လုပ်ထားခဲ့
တယ်။ စစ်အုပ်စုအာဏာ လက်မလွှတ်ရတဲ့အောက်မှာ ကိုယ်ကျိုးစီးပွားအတွက်
တဦးနဲ့ တဦး အာဏာပြိုင်တာ၊ အင်အားစုကြတာ၊ ကော်ကြခတ်ကြတာ ရှိမှာဘဲ။
မရှောင်လွှဲနိုင်ဘူး။ ဒါဟာ စစ်အစိုးရတွေရဲ့  မွေးရာပါ ပဋိပက္ခဘဲ။ လူထုအနေနဲ့ 
ဘာမှစိတ်ကူးယဉ်စရာ အကြောင်းမရှိ။ သူတို့ ထဲက လူသစ်တယောက် သမ္မတ
ဖြစ်လာလည်း လူထုကိုခတ်မယ့် 'ချို'တချောင်း ပိုပါလာတာဘဲ ဖြစ်မယ်။
သူတို့ အကျပ်အတည်းက နိုင်ငံတကာရဲ့  အသိအမှတ်ပြုဖို့ ကလည်း လိုအပ်၊
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲသာလုပ်ရင် သူတို့ ဘယ်လိုမှ မနိုင်နိုင်
တာလည်းသိနေ၊ ဒီတော့ ထွက်ပေါက်က မသမာတဲ့နည်းမျိုးစုံသုံးပြီး ညစ်ဖို့ ဘဲ။
အာဏာကိုင်ပြီး အခွင့်အရေးယူဖို့ ဘဲ။ ၂၀၀၈ ကိုင်ပြီး အပိုင်လုပ်ဖို့ ဘဲ။
အငြင်းပွားစရာ မဲစာရင်းတွေ ထွက်လာပြီ။ တမင်ပြဿနာဖန်တီးထားတဲ့ ဒီမဲစာရင်း
တွေကို လက်ညှိုးထိုးပြပြီး ရွေးကောက်ပွဲကိုတောင် အချိန်ရွှေ့ တာ၊ ဖျက်တာတွေ
ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ကြံ့ဖွံ့ အနေနဲ့  စောစောစီးစီးမဲဆွယ်တာ လုပ်နေနိုင်
ကြပြီ။ စိတ်မချရတဲ့ မဲစာရင်းတွေ ထွက်လာပြီ။
ရွေးကောက်ပွဲအကြို သူတို့ 'မီးခဲ'လို့  ယူဆထားတဲ့ ကျောင်းသားတွေနဲ့  မီဒီယာ
တွေကိုဖမ်း၊ ထောင်ချ၊ ဒဏ်ငွေတပ်နဲ့  သတင်းလွတ်လပ်ခွင့်တွေ တင်းကျပ်လာခဲ့ပြီ။
သူတို့ က အမှန်တရားကိုင်စွဲထားတဲ့ ကျောင်းသားတွေနဲ့  မီဒီယာတွေကို
ကြောက်ပါတယ်။ ရွေးကောက်ပွဲကာလကျရင် မီဒီယာလက်လှမ်းမီတဲ့ နေရာတွေမှာ
လက်တလုံးခြား ဥပဒေလွတ်ညစ်ပြီး မီဒီယာလက်လှမ်းမမီတဲ့ နေရာတွေမှာ
ဗြောင်ကျကျ ညစ်ပါလိမ့်မယ်။ ဒီလိုညစ်နိုင်အောင်လည်း ရွေးကောက်ပွဲကော်မရှင်က
အောက်ခြေ ရပ်/ကျေးနဲ့  မြို့ နယ်၊ ခရိုင်၊ တိုင်းနဲ့ ပြည်နယ်အဆင့်ဆင့်မှာ
တပ်ထွက်တွေနဲ့  သူတို့ လူတွေချည်း လုပ်ပိုင်ခွင့် အာဏာတွေ ပေးထားပါပြီ။
လူထုမှာ ကိုယ်ပိုင်နည်းနာတွေ ရှိပါတယ်၊ တီထွင်ဖန်တီးမှုတွေ ရှိပါတယ်။
ရွေးကောက်ပွဲကာလအတွင်း စစ်အုပ်စုရဲ့  မသမာမှုတွေကို ဖော်ထုတ်ကန့် ကွက်
ရှုတ်ချကြရပါမယ်။ မိမိတို့ ရဲ့ လုပ်ပိုင်ခွင့်၊ ဒီမိုကရေစီအခွင့်အရေးတွေကို
ကျယ်ကျယ်လောင်လောင် တောင်းဆိုကြရပါမယ်။ မိမိတို့ ရဲ့ ဆန္ဒဟာ
'ဘာ'ဆိုတာ ရဲရဲဝံ့ဝံ့ ဖော်ပြကြပါလို့  တိုက်တွန်းလိုက်ပါတယ်။
ဗဟိုစည်းရုံးရေးကော်မတီ
ဗမာပြည်ကွန်မြူနစ်ပါတီ
နေ့ စွဲ- ၁၃၇၇ ခု၊ ဒုတိယ၀ါဆိုလဆန်း ၁၂ ရက်။
- ၂၀၁၅ ခု၊ ဇူလိုင်လ ၂၈ ၇က်။

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>