အထက်မြန်မာပြည်မှာ မိုးသည်းထန်တာနဲ့ မုန်တိုင်းအဖျားခတ်တာတွေကြောင့် ချင်းတွင်းနဲ့ ဧရာဝတီမြစ်ရေတွေ စိုးရိမ်ရေမှတ်ရဲ့အထက် ၄ပေလောက်စီကို နေ့စဉ်မြင့်တက်နေချိန်မှာ မြစ်ဝကျွန်းပေါ်ကို ဆင်းလာမယ့် ရေတွေအတွက် ပညာရှင်တွေက သတိပေးနေပါတယ်။ သြဂုတ် ၂ရက်နေ့မှာပဲ ဟင်္သာတမြို့က ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ကျော်သွားပါပြီ။
ဟင်္သာတဟာ ရေဘေးအန္တရာယ်တွေ ကာကွယ်နိုင်အောင် မြစ်ကမ်းတစ်လျှောက် တာတွေနဲ့ပိတ်ထားတဲ့ မြို့တစ်မြို့ဖြစ်ပေမယ့် အရင်နှစ်တွေကနဲ့မတူပဲ မြစ်ရေဟာ ရုတ်တရက်ဆိုသလို ၈ပေကနေ ၁ဝအထိ မြင့်တက်လာတယ်လို့ စက်လှေမောင်သမား ဦးဘိုဘိုက ပြောပါတယ်။ နောက်ရက်တွေမှာ ဒီထက်မက ရေတွေတက်လာဦးမယ်လို့ သူကယူဆပါတယ်။
သီတင်းတစ်ပတ်အတွင်း မြစ်ရေဟာ ၃၆လက်မ တက်လာခဲ့ပြီး ၃နှစ်တစ်ကြိမ် ရေကြီးမှုနဲ့ကြုံနေကျဖြစ်ပေမယ့် ဒီနှစ်မှာတော့ အရင်ကလိုမျိုးနဲ့မတူဘူးလို့ ဆိုပါတယ်။ မြစ်ရေရုတ်တရက်တက်လာရင် ပြင်ဆင်မှုတွေလုပ်ဖို့ရှိတယ်ဆိုေ ပမယ့် အခုထိ အရေးပေါ်ကြေညာပြီး နေရာရွှေ့ပြောင်းတာတွေ မရှိဘူးလို့ ပြောပါတယ်။
ဟင်္သာတမြို့ ပျဉ်းမချောင်းရပ်ကွက်မှာ ရေတွေစဝင်နေပါပြီ။ ၁၉၇၇၊ ၇၈ကကြုံခဲ့ဖူးတဲ့ ရေကြီးမှုမျိုး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းတဲ့ မေတ္တာနှလုံးသား ပရဟိတအသင်းဥက္ကဌ ဦးမြသန်းကတော့ ဒီရေအတက်နဲ့ အထက်ပိုင်းက မြစ်ရေတွေ ဝုန်းခနဲဆင်းလာတာ ဆုံမယ်ဆိုရင်တော့ အန္တရာယ်ရှိနိုင်မယ်လို့ ဆိုပါတယ်။
မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်ကတော့ မြစ်ဝကျွန်းပေါ်ဟာ အရေးကြီးတဲ့ ရေဘေးအန္တရာယ်နဲ့ ကြုံရတော့မယ်လို့ ဆက်တိုက်သတိပေးနေပါတယ်။ ဟင်္သာတမြို့က ဘဝအလင်းရောင်ကုသိုလ်ဖြစ်ဆေးခန်း က ဦးအောင်မြတ်ကျော်ကတော့ အစားအသောက်နဲ့ ကျန်းမာရေးပိုင်းကို အစိုးရအနေနဲ့ ကူညီစေချင်တယ်လို့ ပြောပါတယ်။
http://kamayutmedia.com/video/social/4983