ရန်ကုန် - ဧရာဝတီတိုင်းဒေသကြီးသည် လက်ရှိအစိုးရက ဘေးကျရောက်ဒေသများအဖြစ် သတ်မှတ်ထားသည့် တိုင်းနှင့် ပြည်နယ် လေးခုကို ကျော်လွန်ပြီး အန္တရာယ်ကျရောက်နိုင်မှု အမြင့်ဆုံးအဆင့်ကိုရောက်ရှိသွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ သတင်းရရှိသည်။
ဧရာဝတီတိုင်းသည် ယင်းအထက်ပိုင်းဒေသများမှ ကျလာမည့်ရေများကြောင့် အန္တရာယ်အမြင့်ဆုံးဖြစ်လာခြင်း ဖြစ်သည်။
‘‘အထက်ပိုင်းမှာက ရေတွေကျနေပြီ၊ မြုပ်တော့ မြုပ်နေသေးတာပေါ့။ ဒါပေမဲ့ ဒီထက်ပိုမဆိုးနိုင်တော့ဘူး။ အခုလက်ရှိ ဆိုးရွားနိုင်ဆုံးက ဧရာဝတီတိုင်းပဲ’’ဟု မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောကြားသည်။
အစိုးရက ချင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့ကို သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများအဖြစ် ဇူလိုင် ၃၁ ရက်က
ကြေညာခဲ့သည်။ အဆိုပါဒေသများတွင် ရေအခြေအနေမှာ ဆက်လက်ဆိုးရွားရန်မရှိဘဲ ကျဆင်းရန်သာရှိကြောင်း၊ မြစ်ရေများမှာလည်း စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်းမည်ဖြစ်ကြောင်း ဦးကျော်မိုးဦးက ပြောကြားသည်။
ယနေ့ မြစ်ရေအခြေအနေတိုင်းတာချက်များအရ လက်ရှိစိုးရိမ်ရေမှတ်များအထက်သို့ ရောက်ရှိနေသည့် ကလေးဝ၊ မုံရွာ၊ ပခုက္ကူ၊ ညောင်ဦး၊ မင်းဘူး၊ မကွေး၊ ဘားအံ၊ ရွှေကျင်နှင့် ချောက်မြို့တို့တွင် စိုးရိမ်ရေမှတ်များအောက်သို့ လာမည့် တစ်ရက်မှ သုံးရက်အတွင်း ပြန်လည်ကျဆင်းသွားနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဌာနက ခန့်မှန်းထားသည်။
သို့သော် ဧရာဝတီမြစ်အောက်ပိုင်းဒေသများဖြစ်သော အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့တို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၂ပေမှ ၃ပေခွဲအထိ အသီးသီးရောက်ရှိနေသည့်အပြင် လာမည့်သုံးရက်အတွင်း ပေ၀က်ခန့်ဆက်လက်မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။
7Day News Journal