နေပြည်တော်၊ ဇူလိုင် ၁၆
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ ည ၁၀ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် လူတစ်ဦး ဓားထိုးခံရပြီးသေဆုံးနေကြောင်းသတင်းအရ မြိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အဆိုပါရပ်ကွက်နေ အောင်ချိုတူး (၄၉)နှစ်အား ထိုးသွင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။ စစ်ဆေးချက်အရ အောင်ချိုတူးသည် အရက်မူးပြီး ပတ်ဝန်းကျင်အား အော်ဟစ်ဆဲဆိုနေသောကြောင့် တစ်ရပ်ကွက်တည်းနေ ဇော်မျိုးဌေး(၂၆)နှစ်နှင့် စကားများရန်ဖြစ်ခဲ့ကြောင်း၊ ထို့နောက် အောင်ချိုတူးမှ ဇော်မျိုးဌေး၏ နေအိမ်ရှေ့သို့သွား၍ လေးခွနှင့်ပစ်သဖြင့် ဇော်မျိုးဌေး က နေအိမ်အတွင်းရှိ အရိုးအသွား(၁)ပေ (၅)လက်မခန့်ရှိ ဓားဦးချွန်ကိုယူဆောင်ပြီး အောင်ချိုတူးအားထိုးရာ အောင်ချိုတူးတွင် ဒဏ်ရာများ ရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဇော်မျိုးဌေးအား မြိုင်မြို့မရဲစခန်း(ပ)၇၁/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်