မြောက်ဦး၊ သြဂုတ် ၉
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကြာရှည်ပြင်ကျေးရွာတွင် မိသားစု ၂၀ ကျော်မှာ နေစရာ အိမ်မရှိ၍ လမ်းဘေးတွင် တဲထိုး၍ နေထိုင်နေကြရသည်။
၎င်းကျေးရွာရှိ ဦးထွန်းကျော်နှင့် ဒေါ်မသန်းစိန်အိမ်မှာ လုံးဝ ပြိုပျက်သွားပြီး ကျန်နေအိမ်များမှာလည်း တက်နေ၍ မရလောက်အောင်ထိ ယိမ်းယိုင် ပျက်စီးနေကြောင်း ရွာသားများက ပြောဆိုသည်။
ရွာသားတစ်ဦးက “ ဒီတဲတွေကို ကိုယ့်အစီနဲ့ ကိုယ်တဲထိုး၍ နေရတာပါ။ ဘယ်အဖွဲ့အစည်းကမှ ရွက်ဖျင်တဲတွေ လာရောက်ကူညီတာတို့၊ နေရာချပေးတို့ မရှိပါဘူး။ အိမ်တွေက မြင်တဲ့ အတိုင်းဘဲ တက်နေလို့ မရတော့ပါဘူး” ဟု ပြောဆိုသည်။
ကြာရှည်ကျေးရွာသည် မြောက်ဦးမြို့နယ် ရွာဟောင်းတော ကျေးရွာ အုပ်စုတွင် တည်ရှိပြီး အိမ် ၃၉ ဆောင်ရှိကာ ကျား ၁၄၅ ဦး၊ မ ၁၂၀ ရှိကြောင်း၊ တစ်ရွာလုံးတွင် ရေနစ်ခဲ့ပြီး သိုလှောင်ထားသော စပါးများအားလုံးမှာ ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။
“ အိမ်တွေပြန်ဆောက်လုပ်ပေးဖို့ အကူအညီလိုချင်ပါတယ်။ ကျွန်တော်တို့က ကိုယ့်အိမ်ကို ပြန်ဆောက်ဖို့ မတတ်နိုင်ဘူး။ ဒါကြောင်း အိမ်ဆောက်တဲ့ နေရာမှာ အကူအညီ လိုအပ်နေပါတယ်” ဟု ရာအိမ်မှူး ဦးစံမောင်က ပြောသည်။
ဆန်နှင့် တစ်ခြား ပစ္စည်းများ ကူညီရသော်လည်း နည်းပါးပြီး လုံလောက်မှု မရှိဘဲ ဖြစ်နေကြောင်း ရွာသားများက နိရဉ္စရာသို့ ပြောဆိုသည်။
Arakan State
https://www.facebook.com/NarinjaraNews