Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကျမသာလျှင် ဗိုလ်ချုပ်နေ၀င်း၏မယားကြီးပါ(ပိတ်စေ အမိန့်မှ သတင်းအစများ)

$
0
0




"ပိတ်စေ အမိန့်မှ သတင်းအစများ"
———————————————
တင်မောင် အဖို့၊ သက်တောင့်သက်သာ နှင့် လွယ်ကူသော အလုပ်များ လည်းရှိပါသည်။ သတင်းများကို မှောင်ချရသည်။ ပိတ်ရသည်မှာ လွန်စွာ လွယ်ကူပါသည်။

"ဟောဒီ - ဟောဒီ သတင်းကို မထည့်နှင့်"လို့ အထက်က ညွှန်ကြား ပါတယ်"ဟု အယ်ဒီတာချုပ် (၇) ဦးကို ထပ်ဆင့် ပြောပြရုံသာ ဖြစ်ပါ၏။

တခုကောင်းသည်မှာ ဝန်ကြီးများက သတင်းပိတ်ရန် အမိန့် ပေးသော အခါတွင် ပိတ်စေဟု ညွှန်ကြားသော သတင်းကို ဝန်ကြီးများက ဖွင့်ပြော ကြရသောကြောင့် သတင်းမှန်ကို သိခွင့်ရ လိုက်သည်။


၁၉၇၆ ခုနှစ်က နေ့တနေ့တွင် ဒု-ဝန်ကြီးက တင်မောင်အား ခေါ်ပြီး မေးပါသည်။

"ခင်ဗျားတို့ ကြားကြပြီလား"ဟု သူက မေးသည်ကို `ဘာမှ မသိရပါဘူး ခင်ဗျား"ဟု တင်မောင်က မဆိုင်းမတွ ဖြေလိုက်သည်။ အမှန်အားဖြင့် တစွန်းတစ သိပြီးဖြစ်သည်။ တိတိကျကျသာ မသိသေး စေကာမူ စစ်တပ် တွင်းတွင် ကျိတ်ပြီး စစ်ဗိုလ်တွေကို အဖမ်းအဆီး ရှိနေသည်ကို ခပ်သဲ့သဲ့ သတင်းထွက်နေပါသည်။

သတင်းအနံ့ရရှိသော်လည်း သတင်းကို ရေးရန် မဆိုထားဘိ၊ သတင်းအဆက်ကို စုံစမ်းရန်ပင် ပြည်သူပိုင်သတင်းစာဆရာကြီးများက သတ္တိမရှိကြပါ။

`ဗိုလ်ကြီးအုန်းကျော်မြင့်ကို ခင်ဗျားသိလား၊ ဒီကောင်လေးက တော်တော် မိုက်တယ်ဗျာ"ဟု အစချီပြီး ဗိုလ်ချုပ်ကြီး နေဝင်း၊ စစ်စုံထောက်ချုပ်ကြီး ဗိုလ်တင်ဦး၊ သမ္မတကြီး ဦးစန်းယု စသည့် ထိပ်သီးကြီးများကို ဖယ်ရှားရန် ကြံစည်သော လုပ်ကြံမှုကြီး အကြောင်းကို သူက အသေးစိတ် ပြောပြပါသည်။

စစ်တပ်တွင် ဗိုလ်သင်တန်းမှ ဆင်းလာသည့် စစ်ဗိုလ်အသစ် ကလေးများကို ငှက်တော၊ ခွေးတော၊ ကျည်ဆံတော ဖြစ်သော နယ်စပ် ဒေသသို့ ပို့ လေ့ရှိပါသည်။ စာတော်သူ၊ အရည်အချင်း ထက်သူများ ကိုမူ စစ်ရုံးချုပ်မှ ဗိုလ်မှူးကြီးများက ခေါ်ယူပြီး ကိုယ်ရေးအရာရှိ ခန့်လေ့ရှိသည်။

ဗိုလ်ကြီးအုန်းကျော်မြင့်ကို ဗိုလ်သင်တန်းဆင်း အနေနှင့် ဒု-ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူးကြီး အေးကိုက ကောက်ယူပြီး ကိုယ်ရေး အရာရှိ ခန့်လိုက်သည်။

ပညာခံကောင်းပြီး ရိုးသားသူ၊ ဗိုလ်ကြီး အုန်းကျော်မြင့်က လူမျိုးနှင့် တိုင်း ပြည်အတွက် ဆောင်ရွက်မည် ဟူသော မျိုးချစ်စိတ်နှင့် တပ်တွင်းသို့ ဝင်လာသူဖြစ်လေရာ ရန်ကုန်မြို့တော်တွင် ရုံးထိုင်နေကြသော လူ့မလိုင် လူတန်းစား စစ်ဗိုလ်ကြီးများ၏ လောကကို မြင်ရသောအခါ လွန်စွာတုန်လှုပ် ချောက်ချား မိသည်ဟု ဆိုပါသည်။

ဦးနေဝင်းကိုယ်တိုင်က စတင်ပြီး အပြောတမျိုး၊ အလုပ်တမျိုး၊ တိုင်းပြည် နှင့် စစ်တပ်ကို ညာလိမ်ပြီး ကိုယ်ကျိုးရှာ နေကြသည့် စားဖားကြီးများသာ ဖြစ်နေသည်ကို မျက်မြင် ကိုယ်တွေ့ သိရှိလာသည် ဟု ဆိုပါသည်။

လူထုကြီး အဖို့ ခက်ခဲကျပ်တည်း နေသည့် အချိန်တွင် ဝန်ကြီးများ၊ ပါတီ ခေါင်းဆောင်များဖြစ်နေသော စစ်ဗိုလ်ကြီးများက ဇိမ်ခံပစ္စည်းအမျိုးမျိုးနှင့် စည်းစိမ်ယစ်နေ ကြသည်ကို တွေ့ရသဖြင့် စိတ်မချမ်းမသာ ဖြစ်ရသည်ဟု သိရပါသည်။

မတရားမှုများ စာရင်းရှင်းရန်က မလွယ်ကူဘဲ ဦးနေဝင်းနှင့် တကွ လာဘ်စားသူ စစ်ဦးစီးကြီးများ အသက်ရှည် လေလေ တိုင်းပြည်နစ်နာ လေလေပဲ ဟု အဖြေကို သိလာသောကြောင့် လုပ်ကြံ ဖယ်ရှားရန် ရဲဘော်ရဲဘက် ဗိုလ်ကြီး (၄) ဦးနှင့် တိုင်ပင်ပြီး လျှို့ဝှက်ကြံစည်ပါသည်။

သူတို့၏ အကြံအစည်မှာ အောင်မြင်မှု မရကြရှာပါ။

သူတို့ (၄) ဦးနှင့် အခြားစစ်ဗိုလ် (၁၀) ဦးကို ဖမ်းခဲ့ပါသည်။ မူလက ကြားသိရသော သတင်းထက် ဝန်ကြီးက ပြောပြမှ သိရသည့်သတင်းက ပိုပြည့်စုံပါသည်။

ယင်းသတင်းစုံကို အယ်ဒီတာချုပ်ကြီးများကို တဆင့်တင်ပြပြီး ပုံနှိပ်ခြင်း မပြုရဟု တားမြစ်ရပါသည်။ နောက်ပိုင်းတွင် အမှုကို ခုံရုံးတင်မှပဲ ရေးကြ ရပါ၏။

ဝန်ကြီးက မပြောဘဲနှင့် မိမိတို့အသိနှင့် ပိတ်ရသည့် သတင်းများလည်း ရှိသည်။

ဥပမာ-

ဦးနေဝင်းကတော် ဒေါ်ခင်မေသန်းသည် မှောင်ခို ကုန်ကူးသော မှောင်ခို ကုန်သည်ကြီး ဖြစ်ပါသည်။ နိုင်ငံခြားမှ ပြန်လာသော အခါတွင် ဝယ်လာခဲ့သော စီးကရက် ကစပြီး ကက်ဆက်၊ အသံဖမ်းစက် အထိ မှောင်ခို ဈေးတွင် အမြတ် ကြီးစားကာ ရောင်းသူ ဖြစ်ပါသည်။

နိုင်ငံခြားသို့လည်း ကျောက်မျက်ရတနာများ မှောင်ခိုထုတ်လေ့ရှိပါသည်။ တချီတွင် ပြင်သစ်ပြည်၊ ပဲရစ်မြို့ လေဆိပ်တွင် မှောင်ခိုကျောက်များ ဖမ်းဆီးမိသဖြင့် အဖမ်းခံရသည့် သတင်းကို စာရေးသူတို့ မရေးဝံ့ခဲ့ပါ။

ဦးနေဝင်း၏ညီ ဦးသိန်းညွှန့်အား လန်ဒန်သံရုံးတွင် ကုန်သွယ်ရေး အရှာရှိ ခန့်ထားစဉ်က ဆွစ်ဇာလန်မှ နာရီများကို အင်္ဂလန်ပြည်တွင်းသို့ မှောင်ခိုသွင်းသောကြောင့် အင်္ဂလိပ်အစိုးရက နှင်ထုတ်သည့် သတင်းကိုနိုင်ငံခြားက ရရှိသဖြင့် စာရေးသူ တို့ကပင် ဝန်ကြီးကို ပြန်ပြီး သတင်း ပေးနိုင်ခဲ့ပါသည်။

ဦးနေဝင်း၏ဇနီးဟောင်း ဒေါ်တင်တင်၏ဖဲဝိုင်းနှင့် ဦးနေဝင်း၏အကိုတော် သခင်လှကွန်း၏ ဖဲဒိုင်ကို စစ်စုံထောက်များက ဖမ်းသောသတင်းကိုမူ ဝန် ကြီးက မရေးကြနှင့်ဟု ပိတ်လေမှသာ သိရလေသည်။

ဖဲဝိုင်းများမပိတ်ခင်က ဦးနေဝင်းကတော်ဟောင်း ဒေါ်တင်တင်က ရန်ကုန် - မော်လမြိုင် မီးရထားကို ခေါက်တုန့် ခေါက်ပြန်စီးပြီး အခကြေးငွေ လက်ခံကာ ကျောက်များ၊ ရွှေများနှင့် နိုင်လွန်စသော နိုင်ငံခြားကုန်များ မှောင်ခို ကုန်သယ်နေ သည်ကို သိကြပါလျက် မရေးရဲကြပါ။

ဦးနေဝင်း ဇနီးသစ် ဒေါ်နီနီမြင့်၏ ညီမ၊ ခယ်မတော်က အထည်အလိပ်များ မှောင်ခိုထုတ်သဖြင့် အဖမ်းခံရသော သတင်းကိုတော့ မရေးလေနှင့်ဟု ဝန်ကြီးက တားမှသာ တင်မောင်တို့ သိကြရပါ၏။

ပြည်သူပိုင်သတင်းစာများသည် တပ်မတော်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်နေဝင်း၏ ဆွေတော်ရှစ်သောင်း မျိုးတော်ကောင်း တို့၏ မကောင်းမှု မှန်သမျှကို ဖုံးဖိနေကြရသူများ ဖြစ်ပါသည်။

"သူတို့အမှုတွေကိုသာ ဒီမိုကရေစီခေတ် သတင်းစာများလို ရေးနိုင်လျှင် အဆီတထပ်၊ အသားတထပ် သတင်းတွေ တောင်လို ပုံနေမှာပေါ့ ကွာ"ဟု သတင်းထောက်ကြီးများက ညည်းကြရှာပါသည်။

အစိုးရက ထုတ်ပြန်ရန် တာဝန်ရှိသည့် သတင်းမှန်ကိုလည်း လိမ်လည်ပြီး ရေးသားခဲ့ရပါသည်။

၁၉၇၅ ခုနှစ်က ဘဏ္ဍာရေးဌာန ဒု-ဝန်ကြီး ဦးချစ်မောင်က စာရေးသူအား ဆင့်ခေါ်သည်။ သတင်းကြေညာချက်တခုကို ပေးပါသည်။

"မြန်မာကျပ်ငွေတန်ဖိုးကို ပြုပြင်သတ်မှတ်ခြင်း"ဟု ရေးထားပါသည်။ မြန်မာကျပ်ငွေ တန်ဖိုးကို အမေရိကန် တစ်ဒေါ်လာတွင် (၆) ကျပ် (၆၂) ပြား နှုန်း သတ်မှတ်သည်ဟု ဖော်ပြထားပါသည်။

မြန်မာကျပ်ငွေ လဲလှယ်နှုန်းသည် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး ရချိန်မှ စတင်ကာ ဒီမိုကရေစီ တခေတ်လုံးတွင် အမေရိကန် တစ်ဒေါ်လာကို (၄) ကျပ် (၇၆) ပြားနှုန်း တည်ငြိမ်စွာ ရှိခဲ့ပါသည်။

ပြည်တွင်းစစ်ကြောင့် စစ်စရိတ်တက်မြင့်ပေးရပါလျက် နိုင်ငံခြား သုံးငွေကို ရှိသင့်ရှိထိုက်သည့် နှုန်းထားအတိုင်း ရှာဖွေနိုင် ပါသည်။ စုဆောင်းထားနိုင်ပါသည်။

ထိုကြောင့် မြန်မာကျပ်ငွေစက္ကူတန်ဖိုးကို တည်ငြိမ်စွာ ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။

စစ်အစိုးရတက်လာပြီး (၉) နှစ်ကြာသောအခါ ကျပ်ငွေတန်ဖိုး လျော့သွားပါသည်။

၁၉၇၁ ခုနှစ်က (၅) ကျပ် (၃၅) ပြားနှုန်းသို့ လျော့ခဲ့သည်။ တဖန် ၁၉၇၃ ခုနှစ်တွင် (၄) ကျပ် (၈၁) ပြားနှုန်းဖြင့် ပြန်မြှင့်ခဲ့ပါသည်။

ဤသို့သောငွေတန်ဖိုးများကို တင်မောင်က မှတ်မိသောကြောင့် "မြန်မာကျပ်တန်ဖိုး လျှော့ပြန်ပြီပေါ့"ဟုပြောမိပါသည်။

ဦးချစ်မောင်က "ဘုရား၊ ဘုရား"ဟု ဘုရားတပြီး "အဲဒီလိုများ မရေးလိုက်ပါနဲ့ ကိုယ့်လူ။ ငွေတန်ဖိုး ချတယ်လို့ ရေးလိုက်ရင် ကိုယ့်လူပါ မကဘူး၊ ကိုယ်ပါ ရာထူးအဖြုတ် ခံရပါလိမ့်မယ်"ဟု မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် တောင်းပန်ပါသည်။

`အမှန်က တန်ဖိုးချတာပဲ။ မူလက တန်ဖိုးနဲ့ တန်ဖိုးသစ်နဲ့ နှိုင်းယှဉ်ကြည့်လျှင် ရှင်းနေတာပဲ။ လူတိုင်း သိနိုင်တာပဲ` ဟု တင်မောင်က ပြန်ပြော ပါသည်။

သူက "ဒါကြောင့် ကြေညာချက်ကို ရုံးကတဆင့် ပို့မပေးဘဲ ကိုယ့်လူ ကို ခေါ်ရတာပါ။ လူကိုယ်တိုင်ခေါ်ပြီး၊ ရှင်းပြောပြီး အမိန့်ပေးလိုက်လို့ ဝန်ကြီးက မှာပါတယ်။

အရေးကြီးတာကတော့ ဗမာသတင်းစာတွေနဲ့ ဗမာ့အသံက မြန်မာငွေနှုန်း ကြေညာခြင်းလို့ တိုတိုရေး၊ တိုတိုပြောဖို့ပဲ။ခင်ဗျားတို့က လျှာရှည်ပြီး မူလ တန်ဖိုးကို မရေးပါလေနဲ့` ရှင်းပြပါလေသည်။

ထုံးစံအတိုင်း ဘဏ္ဍာရေးဝန်ကြီးအမိန့်ကို လိုက်နာပြီး ငွေတန်ဖိုးချသော သတင်းကို "ငွေတန်ဖိုး ပြင်ဆင် သတ်မှတ်ခြင်း"ဟု ရေးခဲ့ရပါသည်။ အသံလွှင့်ခဲ့ရပါသည်။

မိမိအဖို့ အမြတ်ရသည်မှာ ဦးချစ်မောင်က အတွင်းမှ လျှို့ဝှက် သတင်းတခုကို ပြောလိုက်သဖြင့် သိခဲ့ရပါသည်။

ဝန်ကြီးများ အစည်းအဝေးတွင် အခြေအနေအရ မြန်မာကျပ်တန်ဖိုးကို ငါးပုံတပုံခန့်၊ အမေရိကန် (၁) ဒေါ်လာတွင် ကျပ်ငွေ (၁) ကျပ်နှင့် (၉) ပြား တိုးပေးကာ မြန်မာကျပ် တန်ဖိုး ကို ချပေးရမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးက တင်ပြသောအခါ ဦးနေဝင်းက ထခုန်သည် ဆိုပါသည်။

ဒေါသူပုန်ထကာ ဘဏ္ဍာရေးဝန်ကြီးကို ဆူပူအော်ဟစ်သည် ဆိုပါ၏။

ဦးနုအစိုးရခေတ် တခေတ်လုံး ကျပ်ငွေတန်ဖိုးကို ထိန်းသိမ်းထားနိုင်ပြီး သူ၏ အစိုးရခေတ်တွင် ကျပ်ငွေတန်ဖိုး ကျရသည်ကို `ရာဇဝင် အတင်မခံနိုင်ဘူး"ဟု အော်ဟစ်ပြောကြောင်း သိရပါသည်။

`မင်းတို့တတွေ မရှက်ဘူးလား၊ ဦးနုခေတ်က ကျပ်ငွေဈေး တည်အောင် ထိန်းနိုင်ပြီး တို့ခေတ်ကျမှ ငွေတန်ဖိုးလျှော့ရလျှင် ရာဇ၀င် ရိုင်းတာပေါ့` ဟု ဆူသည်ဆိုပါသည်။

ဘဏ္ဍာရေးဝန်ကြီးခမျာမှာ ကြောက်ဒူးများတုန်နေရှာပြီး နိုင်ငံခြားအကြွေး ရှင် နိုင်ငံများနှင့် ကမ္ဘာ့ဘဏ်က တိုက်တွန်း သည်ကို လိုက်နာရမည်ဖြစ် ကြောင်း၊ ဂျပန် အစိုးရကလည်း တိုက်တွန်းကြောင်း၊ ငွေစာရင်း အခက်အခဲကြောင့် ဖြစ်ရကြောင်း၊ အသေးစိတ် ရှင်းပြပြီး၊ အသနား ခံရသည် ဆိုပါသည်။

နောက်ဆုံးတွင်မှ ခေါင်းဆောင်ကြီးက "ဒီတခါ ငါသည်းခံမယ်။ ငါ့ခေတ် တခေတ်လုံး ကျပ်ငွေ ဈေးကို မချကြနဲ့။ ငါ မသေ မချင်း မင်းတို့တတွေ ကျပ်ငွေဈေးကို မချရဘူး"ဟု တိကျ ပြတ်သားစွာ အမိန့်ပေးခဲ့သည် ဟု ဦးချစ်မောင် ထံမှ သိရပါသည်။

"ရွှေတိုက်တော်ထဲက နိုင်ငံခြားသုံးငွေတွေကို ဗိုလ်ချုပ်ကြီးက မကြာခဏ တပွေ့တပိုက် ထုတ်ယူပြီး နိုင်ငံခြားမှာ ဖြုန်းသုံးနေတာကြောင့် ကျပ်ငွေစက္ကူတန်ဖိုး ကျပါတယ်လို့ ခင်ဗျားက ဝင်မပြောဘူးလား"ဟု တင်မောင်က မေးသောအခါ ...

"ကြမ်းကြားလေကြား ဘေးရန်များတဲ့ စကားတွေ မပြောပါနဲ့ ကိုယ့်လူ။ အခု အခန်းထဲက ထွက်သွားပါ"ဟု ပြောကာ ဦးချစ်မောင်က တင်မောင်အား နှင်ထုတ်ပါသည်။

ထို့ကြောင့် တော်လှန်ရေးအစိုးရ၊ မဆလအစိုးရ၊ န၀တ အစိုးရ၊ နအဖ အစိုးရ … စသဖြင့် စစ်အစိုးရများ အမည် အမျိုးမျိုး ပြောင်းလဲ ကြစေကာမူ ဦးနေဝင်း မသေမချင်း မြန်မာကျပ်ငွေ လဲလှယ်နှုန်းသည် စာရွက်ပေါ်တွင် မပြောင်း တော့ပြီဟု စိတ်ချနိုင် ကြပါ၏။ ..........။

ကြေးမုံဦးသောင်း၏
A journalist,a General and Army in Burma
စာအုပ်မှ။

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>