"ဒီလိုနေ့၊ ဒီလိုအချိန်မှာပဲ အာဏာသိမ်းခဲ့တဲ့ ၅၆ နှစ်ပတ်လည် အမှတ်တရ"
![](http://4.bp.blogspot.com/-tub5qjhH3EI/WpiQUio9x3I/AAAAAAAAQFc/usUbhGnDSU0JuLhlDT6kRPqvinpSBAOuQCLcBGAs/s1600/8.jpg)
"မင်းကဘာလဲ"
"ကျွန်တော်တို့ တပ်မတော်က အာဏာသိမ်းလိုက်ပြီ"
"အဲဒီလိုဆိုတော့ ငါကဘာလုပ်ရမှာလဲ"
"ကျနော်နဲ့လိုက်ခဲ့ပါ"
ဦးနုလည်း ဘာမှမပြောဘူး၊ သူ့အပေါ်အကျီကိုဝတ်လိုက်ပြီး ဆီးသွားရအောင် ရေချိုးခန်းတံခါးကို ဖွင့်လိုက်တယ်။
"ဦး ဘာလုပ်မလို့လဲ"
"ဆီးသွားမလို့ဟေ့"
"ရေချိုးခန်းထဲ မဝင်ပါနဲ့၊ သူနဲ့လိုက်ခဲ့ပါ"
လို့ပြောပြီး စစ်ဗိုလ်ကလေးဟာ ဦးနုကိုခေါ်သွားတယ်။ အိမ်ဝကိုရောက်တဲ့အခါ မော်တော်ကားမလာသေးလို့ ဦးနုနဲ့ စစ်ဗိုလ်ကလေးတို့ဟာ ခဏစောင့်နေရင်း ဦးနုအနားမှာရပ်နေတဲ့ ရဲဘော်လေးတစ်ယောက်ဟာ လောက်ကောင်မိပြီ၊ လောက်ကောင်မိပြီ ဆိုပြီး သူ့မှာပါလာတဲ့ ဝေါ်ကီတော်ကီခေါ်တဲ့ ရေဒီယို စကားပြောစက်ကလေးနဲ့ သူ့ဌာနချုပ်ကိုလှမ်းပြီး အစီရင်ခံနေတာ ဦးနုကြားရတယ်။ ပထမတစ်ကြိမ်၊ နှစ်ကြိမ်လောက်မှာတော့ လောက်ကောင်မိပြီဆိုတဲ့ အဓိပ္ပါယ်ကို ဦးနု နားမလည်ဘူး။ နောက်တော့မှ စကားဝှက်နဲ့ သူ့ကို လောက်ကောင်လို့ခေါ်တယ်ဆိုတာ သူသိရတယ်။ အဲဒါကြောင့် လောကဓံတရားဆိုတာ တယ်မှန်တယ်၊ ဝန်ကြီးချုပ်ဖြစ်နေရာက လောက်ကောင်ဘဝကို ရောက်ချင်လည်း ချက်ချင်း ရောက်သွားနိုင်တာပဲလို့ သူ့ဟာသူတွေးရင်း ပြုံးစိစိလုပ်နေတယ်။
(ဦးနုကိုယ်တိုင်ရေး "တာတေစနေသား"မှကောက်နုတ်ချက်)