မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရဲ့ ဇနီး ရော့စ်မာ မန်ဆာ (Rosmah Mansor) ကို မလေးရှား ဖွံ့ဖြိုးရေးရန်ပုံငွေ 1MBD အလွဲသုံးစားမှု စွပ်စွဲချက်နဲ့ပတ်သက်လို့ လာဘ်စားမှု တိုက်ဖျက်ရေးကော်မရှင် က ဒီနေ့ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
အသက် ၆၆ နှစ်အရွယ် ရော့စ်မာမန်ဆာကို သူ့သမီး၊ သူ့သားမက်တို့နဲ့အတူ စစ်ဆေးမယ့်နေရာကို ယာဉ်တန်းနဲ့ ခေါ်လာခဲ့တာပါ။ နာဂျစ်ရဲ့ ဘဏ်စာရင်းထဲ ပြောင်းလိုက်တဲ့ငွေ၊ ရဲတပ်ဖွဲ့က သိမ်းမိတဲ့ ငွေကြေးပစ္စည်းတွေနဲ့ ပတ်သက်လို့ လာဘ်စားမှုတိုက်ဖျက်ရေးကော်မရှင်က ရော့စ်မာ ကို စစ်ဆေးခဲ့တာပါ။
နာဂျစ်ရာဇာတ်ကိုတော့ လွန်ခဲ့တဲ့ ၂ ပတ်မတိုင်ခင်က ၂ ကြိမ် စစ်ဆေးခဲ့ပါတယ်။ အမေရိကန် ဒေါ်လာ ၁၀ သန်း ၆ သိန်းကို SRC International ကုမ္ပဏီကနေ သူ့ရဲ့ ကိုယ်ပိုင်ဘဏ်စာရင်းထဲကို ဘာကြောင့် လွှဲပြောင်းခဲ့လဲဆိုတာ စစ်ဆေးခဲ့တာပါ။ အဲဒီငွေဟာ ဆော်ဒီဘုရင်မိသားစုက လှူတာဖြစ်ပြီး နောက်တော့ အများစုကို ပြန်ပေးလိုက်တယ်လို့ နာဂျစ်က ပြောပါတယ်။ အမေရိကန် FBI ကတော့ အဲဒီဒေါ်လာ ၁၀ သန်းကျော်ဟာ 1MBD ရန်ပုံငွေထဲကဖြစ်တယ်လို့ ပြောထားပါတယ်။
ပြီးခဲ့တဲ့လက နာဂျစ်တို့ပိုင်တဲ့ တိုက်ခန်းတွေကနေ အမေရိကန် ဒေါ်လာ ၂၈ သန်း ၇ သိန်းနဲ့အတူ၊ ဈေးကြီးတဲ့ ကမ္ဘာကျော်လက်ပွေ့အိတ်တွေ၊ လက်ဝတ်ရတနာတွေကို ရဲတပ်ဖွဲ့က သိမ်းဆည်းမိခဲ့ပါတယ်။
မလေးရှားမှာ ကြွေးမြီ အမေရိကန်ဒေါ်လာ ၂၅၂ ဘီလီယံ ရှိနေပါတယ်။ ၂၀၁၅ ခုနှစ်က မလေးရှား နိုင်ငံသားတွေအတွက် အနိမ့်ဆုံးလုပ်ခလစာ တစ်လကို ရင်းဂစ် ၉ ရာပဲ ရနေတဲ့အချိန်မှာ၊ နာဂျစ်ရဲ့ဇနီး ရော့စ်မာက ဆံပင်ဆေးဆိုးဖို့ ရင်းဂစ် ၁၂၀၀ သုံးခဲ့တဲ့အတွက် အဲဒီတုန်းကလည်း ပြည်သူတွေကြားမှာ ဒေါသထွက်ခဲ့ကြပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese