မှန်သောသစ္စာဆိုပါမယ်။ ကျနော်အတတ်နိုင်ဆုံး ပါဏာတိပါတာ၊ အဒိန္နဒါနာ၊ မုသာဝါဒါနဲ့ ကာမေသုမိစ္ဆာဆာရာစတဲ့ ကိုယ်ကျင့်တရားတွေကိုစောင့်ထိန်းရှောင်ကျဉ်ပါတယ်။ အလှူဒါနပြုတာ၊ မေတ္တာထားတာ၊ ကရုဏာထားတာ၊ မုဒိတာပွားတာ၊ ဥပေက္ခာပြုတာ အတတ်နိုင်ဆုံးဖြည့်ကျင့်ပါတယ်။ ရတနာသုံးပါးနဲ့တကွ မိဘဆရာသမားတို့ရဲ့ကျေးဇူးကို တတ်နိုင်သမျှဆပ်ခဲ့ပါတယ်။ ဆပ်နေဆဲဖြစ်ပါတယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်လည်း ၂၃ နှစ်ကျော် တတ်စွမ်းသရွေ့အကောင်းဆုံး လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဘာသာရပ်အတွက်လည်း ဆရာတစ်ယောက်အနေနဲ့ အကောင်းဆုံးလုပ်ဆောင်ခဲ့ပါတယ်။
ဒါကြောင့် ကျနော်ရေးပြတာတွေဟာ သစ္စာတရားတွေဖြစ်ပါတယ်၊ အမှန်တရားတွေဖြစ်ပါတယ်၊ စေတနာအစစ်တွေဖြစ်ပါတယ်လို့မှတ်ယူပြီးဖတ်ကြပါ၊
၂၀၁၇ နှစ်ဆန်းမှာ အသက် ၇၀ ထဲချဉ်းနေတဲ့ကျနော်၊ မသေခင်လေး ကျန်းမာရေးလေးလည်းကောင်းနေတုန်း၊ အနှစ် ၂၀ ကျော် စင်ကာပူမှာလုပ်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ကိုယ့်ပြည်အတွက် လုပ်နိုင်သမျှလေးတွေလုပ်ပေးမယ်လို့ရည်ရွယ်ပြီး (မိသားစုကတားမြစ်နေတဲု့ကြားက) တချက်ခုတ် နှစ်ချက်ပြတ်၊နိုင်ငံခြားကကုမ္ပဏီတစ်ခုကို ရင်းနှီးမြှုတ်နှံလုပ်ကိုင်နိုင်အောင်ပါ ခေါ်လာခဲ့တယ်။ အားတဲ့အချိန်တွေမှာ ၂၃ နှစ်ကျော်လုပ်ကိုင်ခဲ့တဲ့ Generation Gap ဖြစ်နေတဲ့တက္ကသိုလ်မှာ ကိုယ့်အတွေ့အကြုံတွေကိုသင်ကြားပေးမယ်လို့ရည်မှန်းပြီး PowerPoint နဲု့Lecture slide တွေကို ပြင်ဆင်လာခဲ့သေးတယ်။
တစ်နှစ်အတွင်း အတော်သေချာလိုက်တာက မြန်မာပြည်ကလူတွေဟာ
(တချို့တပည့်တွေအပါအဝင်) ကျနော့်ကို လိုလိုလားလားမရှိကြဘူးဆိုတာပဲ။ ကိုယ့်ပိုင်ရာဆိုင်ရာနယ်ပယ်အသီးသီးကို မောင်ပိုင်စီးထားကြပြီး အပြင်လူ (ကျနော်ကစင်ကာပူကလာတာဆိုတော့ အပြင်လူပေါ့) ဝင်မှာကိုမလိုလားကြဘူး။ နိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုကော်မရှင်ကလူတချို့ကတောင်မှ မလိုလားကြဘူး။ ပညာတတ်ဆိုတဲ့တက္ကသိုလ်လောကကလူတွေကလည်း မလိုလားကြဘူး (တပည့်တွေချည်းပါ)။ မြန်မာပြည်ကလူတွေရဲ့စိတ်ဓါတ်ကို ဓါတ်ဆီဆိုင်ကိစ္စ၊ ရုပ်ရှင်လောကတွေမှာ အထင်အရှားတွ့ခဲ့ကြပြီပဲ။ အဲသလိုမျိုးဖြစ်နေတဲ့ လူမသိသူမသိ အုံ့ပုန်းဌာနတွေမှအများကြီး။
နေရာလိုချင်လို့မဟုတ်ဘူး၊ အောက်ခြေကနေလုပ်ပေးမှာပါလို့ ကြေငြာပြီး
ဝင်လာတာတောင်မှ ဘယ်သူမှမလိုလားကြဘူး။ အတော့်ကိုအံ့သြမိတယ်။ စိတ်လည်းမကောင်းဘူး။ ဒေါ်စုကသာ နိုင်ငံခြားကအတွေ့အကြုံရှိတဲ့လူတွေပြန်လာပါခေါ်နေတာ၊ အောက်ကလူတွေက လှိုက်လှိုက်လှဲလှဲ ပျူပျူငှါငှါမရှိကြဘူး။ ရန်သူပြိုင်ဘက်လိုသဘောထားကြတာကို ရင်ဆိုင်ရတယ်။
ကျနော် ဝမ်းနည်းစွာ နောက်ဆုတ်ပြီးပြန်ပါတော့မယ်။ အသက်လည်း ကြီးသွားပြီမို့ နောက်ထပ်လာနိုင်တော့မယ်မထင်ပါ။ မလိုလားသူ မည်သူ့ကိုမှ
မေတ္တာမပျက်ပါ။ တိုင်းပြည်ရဲ့အနာဂါတ်အတွက်သာ စိတ်မကောင်းဖြစ်မိ
တယ်။ ဒေါ်စုကိုလည်းသနားတယ်။ ဒီမိုး ဒီလေ ဒီလူတွေနဲ့ ဘယ်လိုများခရီးဆက်နိုင်ပါ့မလဲတွေုးပြီး ရင်လေးစွာနဲု့ပြန်ပါပြီ။
ကျနော့်ဘက်ကအမှားအယွင်းတစုံတရာပြုခဲ့မိတာရှိရင် ခွင့်လွှတ်ဖို့
ဆရာသမားများကိုရော တပည့်တပန်းများကိုပါ တောင်းပန်ပါတယ်။
အဝေးကနေ မေတ္တာပို့ပြီးသာ...
KhinMaung Latt