![]() |
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့မှာ အောင်သပြေကျေးရွာသားတွေကို ၂၀၁၈ ဇူလိုင် ၃ ရက်နေ့ကတွေ့ရစဉ်/ Photo: Khaymani Win/RFA |
ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးမှာ တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကိစ္စနဲ့ ပတ်သက်ပြီး တိုင်းဝန်ကြီးချုပ် ဦးဆောင်တဲ့အစိုးရအဖွဲ့နဲ့ ဒေသခံ ၁၃ ဦး တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် လူမဆုံလို့ဆိုပြီး ပျက်သွားတယ်လို့ အောင်သပြေကျေးရွာသူ မတင်တင်ခိုင် က ပြောပါတယ်။
"ပြန်ကုန်ပြီလားတဲ့၊ ပြန်ကုန်ပြီ ကျမတို့တော့ကျန်သေးတယ်၊ ရှိတဲ့လူနဲ့ အစည်းအဝေးလုပ်ရအောင်ဆိုပြီး အပေါ်ကိုခေါ်သွားတယ်လေ၊ လူလည်းစုံရော သူကနာမည်စာရင်းကိုခေါ်လိုက်တာ ကျမတို့ပဲပါတယ်ပေါ့ ၊ ကျန်တဲ့လူတွေမပါဘူး၊ အဲဒီတော့ ကျနော်တို့ခေါ်ထားတာ ၁၃ ယောက်က ခု ၄ ယောက်ပဲဆိုတော့ ဒီအစည်းအဝေးပွဲက လုပ်လို့မဖြစ်ပါဘူးတဲ့၊ အဲဒါဆို ကျမတို့ကိုပြန်ခွင့်ပြုပါဦးဆိုပြီး ပြန်ချလာတယ်၊ မကောင်းဘူးပေါ့၊ ကိုယ်တင်ပြချင်တာကို မတင်ပြခဲ့ရလို့၊ ဝန်ကြီးနဲ့တွေ့ရမလားဆိုပြီး လာတာပေါ့၊ ဘယ်ဝန်ကြီးနဲ့မှလည်း မတွေ့ရဘူး၊ တကယ်တွေ့ရတော့လည်း လူမစုံလို့ဆိုပြီး အစည်းအဝေးပွဲကို မလုပ်တာ"
ဒေသခံတွေဟာ တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ တွေ့ခွင့်ရဖို့ မျှော်လင့်ခဲ့ကြပေမယ့် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးတို့နဲ့သာ တွေ့ရမှာဖြစ်တဲ့အတွက် မကျေနပ်တဲ့ ဒေသခံအတော်များများက တွေ့ဆုံပွဲမစတင်ခင်ကတည်းက ပြန်သွားကြတာလို့ ဆိုပါတယ်။
အောင်သပြေကျေးရွာအနီးမှာ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ ဆောက်လုပ်နေတဲ့အတွက် ဒေသခံတွေ လူမှုဘ၀ထိခိုက်နစ်နာသလို သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးတယ်ဆိုပြီး ကန့်ကွက်နေကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က မန္တလေးတိုင်းအစိုးရအဖွဲ့ ဒုတိယ တစ်နှစ်တာကာလ လုပ်ဆောင်ချက်များ ရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က အောင်သပြေကျေးရွာအနီးက စီမံကိန်းကို ထောက်ခံသူ ငါးထောင်ကျော် လက်မှတ်ရေးထိုးထားကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီလိုပြောကြားချက်ဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတယ်ဆိုပြီး ဒေသခံတွေက ကန့်ကွက်ခဲ့ကြပါတယ်။
အဲဒီစီမံကိန်းကို မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စုကုမ္ပဏီက တရုတ်နည်းပညာနဲ့ လည်ပတ်မှာဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇွန်လကတည်းက လုပ်ကိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org/burmese