တပ်မတော်(ရေ) မှ စောင်းကောက်ကျွန်းအား ရှင်းလင်းစဉ် ထိန်းသိမ်းရမိ ဘင်္ဂါလီလူမျိုး များကို တွေ့ရစဉ်
စောင်းကောက်ကျွန်း
နေပြည်တော် ၊ ၁၄-၇-၂၀၁၅
တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်း မြို့နယ် အတွင်းရှိ စောင်းကောက်ကျွန်း (ဒေသအခေါ် ဒယ်အိုးကျွန်း) ၏ အနောက် မြောက်ဘက် နှစ်မိုင်ခန့် အကွာတွင် ဇွန် ၃ဝ ရက်ည ၁ဝ နာရီခန့်တွင် ဘင်္ဂါလီ လူမျိုး တစ်ဦးကို ဆယ်တင် ရရှိခဲ့ပြီး စစ်ဆေး မေးမြန်းချက်များ အရ စောင်းကောက်ကျွန်း ဟု ယူဆရသော ကျွန်းပေါ်တွင် ဘင်္ဂါလီလူမျိုး များ ရောက်ရှိ နေကြောင်း သိရှိရသဖြင့် တပ်မတော် (ရေ)မှ စစ်ရေယာဉ် များဖြင့် ဇူလိုင် ၂ ရက်မှ စတင်၍ စောင်းကောက်ကျွန်း ပတ်လည် ကမ်းခြေနှင့် အနီး ပတ်ဝန်းကျင်ရှိ ကျွန်းများကို ရှင်းလင်း ရှာဖွေခဲ့ရာ ရာသီဥတု ဆိုးရွားမှုနှင့် လှိုင်းများကြီး နေသဖြင့် ရှာဖွေ ရှင်းလင်းခြင်း လုပ်ငန်းများ ခေတ္တ ဆိုင်းငံ့ခဲ့ ရသည်။
ရှာဖွေ ရှင်းလင်းခြင်း လုပ်ငန်း ကို ဇူလိုင် ၉ ရက်တွင် ဆက်လက် ဆောင်ရွက်ခဲ့ပြီး စောင်းကောက်ကျွန်း အတွင်းပိုင်းသို့ ဝင်ရောက် ရှင်းလင်းခဲ့ရာ ဘင်္ဂါလီလူမျိုး အမျိုးသား ၄၅ ဦးကို ထိန်းသိမ်း ရမိသည်။ ယင်းနောက် ဆက်လက် ရှာဖွေခဲ့ရာ ဇူလိုင် ၁၁ ရက်တွင် ဘင်္ဂါလီ လူမျိုး အမျိုးသား ၄၉ ဦးကို လည်းကောင်း၊ ဇူလိုင် ၁၂ ရက်တွင် ဘင်္ဂါလီလူမျိုး အမျိုးသား ရှစ်ဦးကို လည်းကောင်း ထပ်မံ ထိန်းသိမ်း ရမိခဲ့သည်။
ထိန်းသိမ်း ရမိသော ဘင်္ဂါလီ လူမျိုးများကို စစ်ဆေး မေးမြန်းချက် အရ ၄င်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ကျပန်းနှင့် အလုပ်ကြမ်း လုပ်ကိုင်သူများ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဘင်္ဂါလီ လူမျိုး သုံးဦးက လစာကောင်းသည့် အလုပ်အကိုင် ရရှိမည်ဟု စည်းရုံး ပြောဆို၍ လည်းကောင်း၊ မလိုက်လို သူများကို တုတ် ၊ ဓားများဖြင့် ရိုက်နှက်ပြီး ခြိမ်းခြောက်၍ လည်းကောင်း ခေါ်ဆောင် ခဲ့ကြောင်း ၊ ၂၀၁၅ ခုနှစ် မေလဆန်း ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အုန်းကျွန်း အနီးမှ လှေကြီး တစ်စီးဖြင့် ထွက်ခွာ လာခဲ့ကြောင်း၊ လှေပေါ်တွင် လူမျိုးမသိ လှေသား ရှစ်ဦးနှင့် သေနတ် နှစ်လက် ပါရှိမှုကို တွေ့ရှိ ရကြောင်း၊ ဇွန်လဆန်း ပိုင်းတွင် စောင်းကောက်ကျွန်း သို့ ရောက်ရှိခဲ့ပြီး ရောက်ရှိ ချိန်တွင် ပွဲစားနှစ်ဦး ပါဝင်ကြောင်း၊ ရောက်ရှိပြီး ၁ဝ ရက်ခန့် ကြာမြင့်ချိန်တွင် ၄င်းတို့နှင့် အတူ နေထိုင်လျက် ရှိသည့် ပွဲစား နှစ်ဦးက ကျွန်းပေါ်ရှိ လူများကို မလေးရှား နိုင်ငံသို့ ပို့ဆောင် ပေးနိုင်ရန် ဘင်္ဂလားဒေ့ရှ် ငွေ ဒါကာ နှစ်သိန်းခွဲ ပေးရမည်ဟု ပြောကြားပြီး မိဘဆွေမျိုး များနှင့် ဆက်သွယ် နိုင်မည့် ဖုန်းနံပါတ်များ တောင်းယူ ဆက်သွယ်ကာ ငွေမပေးပါက သတ်ပစ်မည့် ပုံစံမျိုးဖြင့် ပြောကြား၍ တုတ်ဖြင့် ရိုက်သံများ တစ်ဖက်မှ ကြားစေရန် ပြုလုပ် ခဲ့ကြောင်း၊ တောင်းခံသော ငွေများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ပွဲစားတစ်ဦးက ငွေပေးမည့် သူများ၏ အိမ်များနှင့် ဆက်သွယ်၍ ငွေလက်ခံ ရရှိကြောင်း အကြောင်း ပြန်ကြားမှသာ ကျွန်းပေါ်ရှိ ပွဲစားနှစ်ဦးက မလေးရှား နိုင်ငံသို့ ဦးစားပေး ပို့ဆောင်မည့် အုပ်စုအဖြစ် သီးခြားခွဲ ထားရှိကြောင်း၊ ၁ဝ ရက် တွင် တစ်ကြိမ်ခန့် လှေငယ်ဖြင့် ရိက္ခာများ လာရောက် ပို့ဆောင် လျက် ရှိပြီး ဦးစားပေး ပို့ဆောင်မည့် အုပ်စုမှ လူများကို ပြန်လည် သယ်ဆောင် သွားကြောင်း သိရှိရသည်။
စောင်းကောက်ကျွန်း နှင့် အနီး ပတ်ဝန်းကျင် ရှိ ကျွန်းများကို တပ်မတော်က ဆက်လက် ရှင်းလင်း ရှာဖွေလျက်ရှိပြီး ထိန်းသိမ်းရရှိ သည့် ဘင်္ဂါလီ ၁ဝ၂ ဦးကို ပြည်ထဲရေး ဝန်ကြီးဌာန သို့ လွှဲပြောင်းကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည် ပို့ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
#PyiChitThar