မနီလာ ၊ ၁၇-၉-၂၀၁၅
အမေရိကန် ပြည်ထောင်စုနှင့် ဖိလစ်ပိုင်နိုင်ငံ တို့အကြား ချုပ်ဆိုထားသည့် ကာကွယ်ရေး ဆိုင်ရာ သဘော တူညီချက်ကို ဆန့်ကျင်သည့် အနေဖြင့် ဆန္ဒပြပွဲ တစ်ခုကို ဖိလစ်ပိုင် ပြည်သူများက ယမန်နေ့တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင် ဆန္ဒပြသူ များသည် နိုင်ငံအတွင်း အမေရိကန် စစ်သည်များ တပ်စွဲ ထားခြင်းကို ဆန့်ကျင်သည့် အနေဖြင့် ဆန္ဒပြပွဲ များကိုပြု လုပ်ခဲ့ပြီး ယနေ့ အရုဏ်မတက်မီ အချိန်က အမေရိကန် သံရုံးရှေ့သို့ ချီတက် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
ယင်း ဆန္ဒပြပွဲများ အတွင်း လက်ဝဲဝါဒီ ကျောင်းသား ၅ဝ ဦးခန့်က ရဲတပ်ဖွဲ့ဝင် များကို ကျော်ဖြတ်၍ အမေရိကန် သံရုံးအနီးသို့ ချဉ်းကပ်ကာ အမေရိကန် ဆန့်ကျင်ရေး ကြွေးကြော်သံ များကို ကြွေးကြော် ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဆန္ဒပြသူ ခြောက်ဦးကို ဖမ်းဆီးခဲ့သည်။ အဆိုပါ ဆန္ဒပြသူ များသည် နောက်ပိုင်းတွင် မြို့တော်ရှိ တရားရုံးချုပ်သို့ ချီတက်ရန် စီစဉ်ထားကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။
အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံ တို့အကြား ၁၉၉၉ ခုနှစ် အတွင်းက ချုပ်ဆိုခဲ့သည့် သဘောတူ ညီချက်အရ အမေရိကန် ပြည်ထောင်စု အနေဖြင့် ၄င်းတို့၏ တပ်ဖွဲ့ဝင် များကို လေ့ကျင့်ပေးရန် ဖိလစ်ပိုင် နိုင်ငံအတွင်းရှိ အခြေစိုက် စခန်းများကို အသုံးပြုခွင့် ရှိပြီး နှစ်နိုင်ငံ အစိုးရ အဖွဲ့များ အကြား ပြီးခဲ့သည့်နှစ် ဧပြီလ အတွင်းက အတည်ပြု ခဲ့သည့် သဘော တူညီချက်အရ ဖိလစ်ပိုင် အစိုးရ အနေဖြင့် အမေရိကန် တပ်ဖွဲ့ဝင် များကို နိုင်ငံအတွင်း ဖြန့်ချခွင့် ပြုရမည် ဖြစ်သည့်အပြင် စစ်ဆင်ရေး များကိုပါ ပြုလုပ်ခွင့် ပြုရမည် ဖြစ်ကြောင်း သိရသည်။
#PyiChitThar