ဝါရှင်တန် ၊ ၁၉-၇-၂၀၁၅
အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်၌ ယမန်နေ့တွင် ဖြစ်ပွား ခဲ့သည့် တောမီး လောင် ကျွမ်း မှုသည် ဒေသတွင်းရှိ အဝေးပြေး လမ်းမကြီး တစ်ခုသို့ ကူးစက်ပျံ့နှံ့ လာခဲ့ရာ ယင်း လမ်းမကြီး ပေါ်ရှိ မော်တော်ယာဉ် အများ အပြားမှာ မီးလောင်ကျွမ်း ပျက်စီး သွားခဲ့ကြောင်း သိရသည်။
အဆိုပါ တောမီးသည် ယခု သီတင်းပတ် အစောပိုင်းမှ စတင်၍ လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး I-15 အဝေးပြေး လမ်းမပေါ်သို့ ကူးစက် ပျံ့နှံ့ ခဲ့ခြင်းကြောင့် ယင်း လမ်းမကြီး ပေါ်ရှိ မော်တော်ယာဉ် အစီး ၂ဝ ခန့်မှာ မီးလောင်ပျက်စီး ခဲ့ရကြောင်း၊ သို့ရာတွင် ယင်း မီးလောင်ကျွမ်းမှု အတွင်း ဒဏ်ရာ ရရှိသူ တစ်ဦး တစ်ယောက်မျှ မရှိကြောင်း အာဏာပိုင် များက ထုတ်ပြန်ခဲ့သည်။
အလားတူ အဆိုပါ မီးလောင်ကျွမ်း မှုကြောင့် ဒေသခံ ပြည်သူ ထောင်ပေါင်း များစွာကိုလည်း အာဏာပိုင် များက ဘေးကင်းရာသို့ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း သိရသည်။
ယင်းနောက် မီးသတ်တပ်ဖွဲ့ မှ ကယ်ဆယ်ရေး အဖွဲ့ဝင်များက မီးစွဲလောင် နေသည့် မော်တော်ယာဉ် များအတွင်းမှ လူများကို အပြင်သို့ ဆွဲထုတ်၍ ကယ်ဆယ်ခဲ့ ရကြောင်း၊ မီးလောင်ကျွမ်း မှုကို ငြှိမ်းသတ် နိုင်ရန်အတွက် လေယာဉ်များက ဝေဟင် အထက်မှ ဓာတု ပစ္စည်းများကို ကြဲချ၍ ငြှိမ်းသတ် နိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
Above spectacular wildfire on freeway rises new scourge:
#PyiChitThar