ရန်ကုန်၊ ဇန်နဝါရီ ၆
“အမျိုးသမီးက နိုးလာတော့ ကိုယ်ပေါ်မှာ အဝတ်အစား မရှိတော့ဘူး၊ သူ့ဘေးမှာ ဆေးကုပေးတဲ့သူက အပေါ်အင်္ကျီဗလာနဲ့၊ သူလည်းအဓမ္မကျင့်ခံရမှန်းသိပြီး အဝတ်အစားဖရိုဖရဲနဲ့ လက်မှာ ချိတ်ထားတဲ့ ဆေးပုလင်းနဲ့ ရွာထဲကို ပြေးထွက်လာတာကို ရွာက အမျိုးသမီးတစ်ယောက်တွေ့တယ်၊ ရွာမှာရှိတဲ့ အမျိုးသမီးရေးရာအဖွဲ့ဝင်ကိုလည်း အသိပေးထားပါတယ်၊ ဆေးကုပေးတဲ့အမျိုးသားကတော့ ရှောင်တိမ်းနေတယ်” ဟု ယင်းကျေးရွာတွင် နေထိုင်သူ အသက် ၅၀ အရွယ်ရှိ အမျိုးသားက ပြောကြားသည်။
The Voice Weekly
........................
လူနာ အိပ်ဆေးထိုး အဓမ္မပြုကျင့်သည့်ဆေးကုသူကို အမှုဖွင့်
ရန်ကုန်၊ ဇန်နဝါရီ ၆
မှော်ဘီမြို့နယ်၊ သာယာကုန်းကျေးရွာတွင် ဆေးခန်းလာပြသော အသက် ၄၄ နှစ် အရွယ် လူနာအမျိုးသမီးကို အိပ်ဆေးထိုးကာ အဓမ္မပြုကျင့်ခဲ့သော အသက် ၄၀ခန့်ရှိ အမျိုးသားကို ဇန်နဝါရီလ ၆ ရက်နေ့က မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေကြောင်း မှော်ဘီမြို့မ ရဲစခန်းထံမှ သိရှိရသည်။
အဆိုပါ အမျိုးသမီးမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့ က ခေါင်းမူးဝေဒနာ ခံစားနေရသောကြောင့် တစ်ရွာတည်းနေထိုင်သည် ဆေးကုသသူဦးညီထွေး၏အိမ်တွင် ဆေးကုသမှုခံယူခဲ့ရာ ဒီဇင်ဘာလ ၃၁ရက်နေ့တွင် ဆေးလာကုသရန် မှာကြားသဖြင့် လာရောက်ကုသစဉ် အမျိုးသမီးကို ဂလူးကို့စ်ပုလင်းချိတ်ထားပြီး နာရီဝက်အကြာတွင် ဆေးတစ်မျိုးကို ပိုက်ထဲထိုးထည့်ခဲ့ကြောင်း၊ ယင်းနောက်အမျိုးသမီးမှာ အိပ်ပျော်နေစဉ် အဓမ္မပြုကျင့်ခဲ့ကြောင်း ယင်းရဲစခန်းမှ
ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“အတိုင်ခံရသူက ဆေးတပ်က ထွက်လာသူလို့ ကနဦး တိုင်ကြားချက်အရ သိရတယ်၊ အမျိုးသမီးကို ဂလူးကို့စ် ပုလင်းချိတ်ပေးထားရာက အိပ်ဆေးတစ်မျိုးကို ထပ်ထိုးပြီး အဓမ္မပြုကျင့်ခဲ့တာလို့ ပြုကျင့်ခံရသူ ကလေးကိုးယောက်အမေ အမျိုးသမီးက တိုင်ကြားခဲ့တယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“အမျိုးသမီးက နိုးလာတော့ ကိုယ်ပေါ်မှာ အဝတ်အစား မရှိတော့ဘူး၊ သူ့ဘေးမှာ ဆေးကုပေးတဲ့သူက အပေါ်အကျႌဗလာနဲ့၊ သူလည်းအဓမ္မကျင့်ခံရမှန်းသိပြီး အဝတ်အစားဖရိုဖရဲနဲ့ လက်မှာ ချိတ်ထားတဲ့ ဆေးပုလင်းနဲ့ ရွာထဲကို ပြေးထွက်လာတာကို ရွာက အမျိုးသမီးတစ်ယောက်တွေ့တယ်၊ ရွာမှာရှိတဲ့ အမျိုးသမီးရေးရာအဖွဲ့ဝင်ကိုလည်း အသိပေးထားပါတယ်၊ ဆေးကုပေးတဲ့အမျိုးသားကတော့ ရှောင်တိမ်းနေတယ်” ဟု ယင်းကျေးရွာတွင် နေထိုင်သူ အသက် ၅၀ အရွယ်ရှိ အမျိုးသားက ပြောကြားသည်။
ယင်းအဓမ္မပြုကျင့်ခံရမှုကို ဇန်နဝါရီလ ၆ ရက်နေ့က အမျိုးသမီးက မှော်ဘီမြို့မ ရဲစခန်းသို့ လာရောက်ကာ ထွက်ပြေးတိမ်းရှောင်နေသူ ဦးညီထွေးကို ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ပြီး ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေကြောင်း မှော်ဘီမြို့မ ရဲစခန်းထံမှ သိရှိရသည်။