ပြောလည်း ပြောချင်တယ်၊ ပြောလည်း မပြောရဲဘူး
"တောင်အာဖရိကနိုင်ငံက ဝက်သားတုံးကြီး ဒူးလောက် ပေါင်လောက်"
ဆူဒိုနင်
ကြေးမုံသတင်းစာတွင် လူမှုဘဝသရုပ်ဖော်ရသစာပေများကို အလျဉ်းသင့် သလို့ ဖော်ပြပေးလျက်ရှိပါသည်။ ထို့သို့ ဖော်ပြပေးရာတွင် စာဖတ် ပရိသတ်၏ နှလုံးသား တွင် စွဲထင်ကျန်ရစ်စေမည့် လူမှုဘဝဖြစ်ပျက်ပုံများကို ရသ ပေါ်လွင်အောင်ရေးသားကြသည့် ထင်ရှားသော စာရေး ဆရာများအား ရွေးထုတ်ဖော်ပြပေးလျက်ရှိပါသည်။ ယခု အပတ်စဉ် စနေနေ့တိုင်းတွင် ''ပြောလည်း ပြောချင်တယ်၊ ပြောလည်းမပြောရဲဘူး''ကဏ္ဍသစ်ကို ဖွင့်လှစ်၍ စာဖတ်ပရိသတ်အား အသိပညာမျှဝေပေး ထားပါသည်။ ထိုကဏ္ဍတွင် စာရေးဆရာ ဆူဒိုနင်၏ လူမှုဘဝ အထွေထွေအပေါ် ရှုမြင်ချက်များကို ကြေးမုံသတင်းစာဖတ်ပရိသတ်များ ပွင့်လင်းမြင်သာစွာ ဖတ်ရှုနိုင်ရန်အတွက် အပတ်စဉ်ဖော်ပြပေးခြင်းဖြစ်ပါသည်။ (စာတည်း)
▄ နိဒါန်း ▄
တောင်အာဖရိကနိုင်ငံရဲ့ အမှန်တရားနဲ့ ပြန်လည်ရင်ကြားစေ့ရေး ကော်မရှင် အကြောင်းလေးကို မသိသေးတဲ့သူတွေသိရအောင် ပြန်ဆိုတင်ပြချင်ပါတယ်။ သိပြီးသားပုဂ္ဂိုလ်များအတွက် မရည်ရွယ်ပါဘူး။ ဒါပေမယ့် အနည်း အပါးကြားဖူးပင် ကြားဖူးသော်ငြား အသေးစိတ် မသိကြသူများ အတွက်တော့ တစ်နည်းတစ်ဖုံ အသုံးတည့်တန်ကောင်းရဲ့လို့လည်း မျှော်လင့်မိပါတယ်။
TRC လို့ အတိုကောက်ခေါ်တဲ့ အဲဒီ့ကော်မရှင်ဟာ ၁၉၉၅ ခုနှစ်မှာ ပေါ်ပေါက် လာခဲ့တဲ့ တောင်အာဖရိကနိုင်ငံအစိုးရသစ်က ဖွဲ့စည်းပေးခဲ့တဲ့ တရားရုံးလို အဖွဲ့အစည်းဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အသားအရောင် ခွဲခြားမှုကာလတလျှောက် ပေါ်ပေါက်ခဲ့လေသမျှ လူ့အခွင့်အရေး ချိုးဖောက်မှု တွေနဲ့ ပတ်သက်တဲ့ အမှန်တရားကို ဖော်ထုတ်ခြင်း အားဖြင့် ပြန်လည်ရင်ကြား စေ့ရေးကို ဖော်ဆောင်ပြီး တိုင်းပြည်ကို ကုစားဖို့ပဲဖြစ်ပါတယ်။
ထူးခြားတဲ့အချက်ကတော့ ခံလိုက်ရသူတွေဆီကရော ကျူးလွန်ခဲ့ကြ သူ တွေကဆီကပါ သက်သေခံအထောက်အထားတွေ စုဆောင်းပြီး အချက်အလက် တွေဖော်ထုတ်ဖို့သာဖြစ်ပြီး ကျူးလွန်ခဲ့ကြတဲ့ ပြစ်မှုများအတွက် သက်ဆိုင်သူတွေ ကိုအရေးယူဖို့ မဟုတ်တာပါပဲ။ သည်အချက်ဟာ ဒုတိယကမ္ဘာစစ်အပြီး နာဇီ တွေကို တရားစွဲဆိုအရေး ယူခဲ့တဲ့ နျူရင်ဘတ်တရားရုံးနဲ့ အဓိကကွာခြားတဲ့ အချက်ဖြစ်ပါတယ်။
▄ နောက်ခံအကြောင်း ▄
၁၉၉ဝ ပြည့်နှစ်မှာ လွတ်မြောက်ရေး လှုပ်ရှားမှုတွေ၊ အတိုက်အခံနိုင်ငံရေး ပါတီတွေကို အဲဒီ့အချိန်က သမ္မတ အက်(ဖှ်)1 ဒဗလျူ ဒ ခလာ့(ခ်)က ပြန်လည် ခွင့်ပြုလိုက်တာ၊ နယ်(လ်)ဆင်(န်) မယ်(န်)ဒဲလားကို ထောင်သွင်းအကျဉ်းချ ထားရာက လွှတ်ပေးလိုက်တာ၊ တောင်အာဖရိကနိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာထားတာကို ဖယ်ရှားပေးလိုက်တာများက အဲဒီ့နိုင်ငံမှာ နှစ်ပေါင်း ၃ဝဝ ကျော်တာရှည်နေခဲ့တဲ့ ဗိုလ်ကျစိုးမိုးမှု၊ အသားအရောင်ခွဲခြားမှုများကို တွန်းလှန်တိုက်ခိုက်နေတာများကို အဆုံးသတ်သွားစေခဲ့သလို အဲလို တွန်းလှန်တိုက်ခိုက်နေသူများနဲ့ အသားအရောင်ခွဲခြားရေး အစိုးရတို့ကြားမှာ ငြိမ်းချမ်း ရေး သဘောတူညီချက်တစ်ရပ် ရလာအောင် ညှိနှိုင်းဆွေးနွေးနိုင်ရေးအတွက် လမ်းစဖော်ပေးနိုင်ခဲ့ပါတယ်။
ညှိနှိုင်းမှုများကနေ နိုင်ငံရဲ့ပထမဦးဆုံးသော ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက် သတ်မှတ်ဖို့ရယ်၊ ယာယီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ရေးဆွဲဖို့ရယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ထွက်လာခဲ့ပါတယ်။ သို့ပင်သို့ငြား ယာယီအခြေခံဥပဒေကို အပြီးသတ်ဖို့ကျတော့ အတားအဆီး တစ်ခုကရှိနေတယ်။ အဲဒါကတော့ အသားအရောင်ခွဲခြားမှုစိုးမိုးနေတဲ့ ကာလများမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကို ပြင်းပြင်း ထန်ထန်ကျူးလွန်ခဲ့ကြရာမှာ ပြစ်မှုထင်ရှားသူများကို ဘယ်လို တာဝန်ယူခိုင်းမှာလဲဆိုတဲ့ မေးခွန်းပဲဖြစ် ပါတယ်။
ညှိနှိုင်းဆွေးနွေးနေ တုန်းမှာပဲ ပေါ်လွင်လာတဲ့အချက်က နိုင်ငံရေးအခွင့် အရေးတွေရှိလာတာနဲ့တကွ သမ္မတ ဒ ခလာ့(ခ်) ကို သစ္စာမခံလိုကြတဲ့ လုံခြုံရေးတပ်ဖွဲ့ထဲကတပ်ဖွဲ့ဝင်အများအပြားဟာ နိုင်ငံတည်ငြိမ်ရေးအတွက် အဓိက အတားအဆီး ဖြစ်နေတယ်ဆိုတာပါပဲ။ သူတို့တောင်းဆိုကြတာက အတိတ်က ဖြစ်ရပ်တွေကို ပြည်ဖုံးကားချပြီး အထွေထွေ လွတ်ငြိမ်းချမ်း သာခွင့်ကို သမ္မတက ထုတ်ပြန်ပေးဖို့ပါပဲ။ လွတ်မြောက်ရေး လှုပ်ရှားမှု တွေကြား မှာကျပြန်တော့လည်း နျူရင်ဘာ့(ဂ်) တရားရုံးနည်းတူ အတိတ်ကပြစ်မှုများကို အရေးယူသင့်တယ် ဆိုတဲ့အမြင်က လွှမ်းမိုးနေပြန်တယ်။
အသားအရောင်ခွဲခြားရေးအစိုးရဘက်က ညှိနှိုင်းဆွေးနွေးသူတွေက ယာယီအခြေခံဥပဒေမှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို အာမခံချက်ပေး တာကို ထည့်သွင်းသင့်တယ်လို့ အကြောက် အကန်ပြောကြ တယ်။ အဲဒီ့ လွတ်ငြိမ်းချမ်းသာခွင့်သာ မရေရာလို့ကတော့ အသားအရောင်ခွဲခြားတဲ့ အစိုးရ ဟာ အာဏာကိုစွန့်မယ့် အလားအလာမရှိတာလည်း အမှန်ပါပဲ။
သည်လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စဟာ တောင်အာဖရိကနိုင်ငံ ဒီမိုကရေစီနိုင်ငံ၊ အခြေခံဥပဒေနဲ့ ညီညွတ်တဲ့နိုင်ငံဆီသွားရာလမ်းကိုဖော်ဆောင်တဲ့ ယာယီအခြေခံဥပဒေမှာ ပါဝင်ရမယ့် အရေးကြီးတဲ့အချက်ဖြစ်နေပါတော့တယ်။
▄ ကော်မရှင်ဖွဲ့စည်းခြင်း၊ ကော်မရှင်ရဲ့ အခွင့်အာဏာ ▄
အမှန်တရားနဲ့ ပြန်လည် ရင်ကြားစေ့ရေးကော်မရှင်ဟာ လူထုရဲ့ ပါဝင်ဆောင်ရွက်မှုရှိစေ လိုတဲ့ စေတနာနဲ့ ပေါ်ပေါက်လာခဲ့တာပါ။ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရုံ သာမကဘဲ အတိတ်က ကျူးလွန်မှုတွေနဲ့ ပတ်သက်တဲ့ တာဝန်ယူမှု လည်းရှိစေ၊ ခံလိုက်ရသူများအတွက်လည်း ကုစားမှုတစ်ခုခု ရစေရေးအတွက် တောင် အာဖရိကနိုင်ငံသားတွေနဲ့ တကွ နိုင်ငံတကာ အသိုင်းအဝိုင်းကသဘော ထားတွေ စုံစုံလင်လင်ရအောင် အစိုးရသစ်က အားထုတ်ခဲ့ပါတယ်။ လူ့အခွင့်အရေး အကျိုးတော်ဆောင် များအပါဝင် အရပ်ဘက် လူ့ဘောင်အဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့ အစည်းတွေ၊ ခံထားခဲ့ရသူတွေ စုပေါင်းပြီး မဟာမိတ်အဖွဲ့ အစည်းပေါင်း ၅ဝ လောက်ပေါ်ထွန်းလာခဲ့တယ်။ အဲဒီ့အဖွဲ့တွေက အမှန်တရား ကော်မရှင်ရဲ့ အားသာချက်တွေကို လူသိရှင်ကြား ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီ့လို ဆွေးနွေးတာကိုက တစ်နှစ်တာ ကြာခဲ့ပြီး အဆုံးမှာတော့ ၁၉၉၅ ခုနှစ် နိုင်ငံလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုနဲ့ ပြန်လည် ရင်ကြားစေ့မှု မြှင့် တင် ဖော်ဆောင်ရေးအက်ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပါတော့တယ်။ သည်ဥပဒေက ကော်မရှင်ကို ဖွဲ့စည်းပေးပါတယ်။
အက်ဥပဒေအရ သည်ကော်မရှင်ကို အဖွဲ့ဝင် ၁၇ ဦးနဲ့ ဖွဲ့စည်းထား ပါတယ်။ ကော်မရှင်ရဲ့ တာဝန်ကတော့ ၁၉၆ဝ ပြည့်နှစ်မှသည် ၁၉၉၄ ခုနှစ် အတွင်းပေါ်ပေါက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ပါပဲ။ အဲသလို စုံစမ်းစစ်ဆေးရာမှာ ကျူးလွန်ဖြစ်စေခဲ့တဲ့ ပတ်ဝန်းကျင်အခြေအနေ၊ အကြောင်းအချက်တွေ၊ အနေအထားတွေကိုပါ ထည့်သွင်းဖော် ထုတ်ရမှာ ဖြစ်ပါတယ်။ ခံထားရသူတွေအနေနဲ့လည်း သူတို့ဘက်က အခြေအနေတွေကို ပြောခွင့်ပေးရမှာ ဖြစ်ပါတယ်။
လွတ်ငြိမ်း ချမ်းသာခွင့် ကိုလည်းပေးရမယ်။ အတိတ်ကဖြစ်ရပ်ကို သမိုင်း မှတ်တမ်းအဖြစ် ဘယ်ဘက်မှမလိုက်ပဲ ပြုစုထားရမယ်။ ပြီးတော့ ကုစားပေးနိုင်မယ့် မူဝါဒတစ်ခုကိုလည်း ရေးဆွဲရမှာ ဖြစ်ပါတယ်။ အားလုံးပြီးသွားပြီဆိုရင်တော့ ကော်မရှင်က အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်ရမှာပါ။ အစီရင်ခံစာမှာ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်၊ တွေ့ရှိ ချက်တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြရမှာဖြစ်သလို နောက်ပိုင်းမှာ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ နောက်ထပ် မပေါ်ပေါက်စေရေးအတွက် ကာကွယ် တားဆီး နိုင်မယ့် နည်းလမ်းများကိုလည်း အကြံပြုပေးရမှာဖြစ်ပါတယ်။
အဲဒီ့ရည်မှန်းချက်များကို ဖော်ဆောင်နိုင်ဖို့အတွက် အက်ဥပဒေ က ကော်မတီသုံးရပ်ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှု (စုံစမ်းရေး)ကော်မတီ၊ ကုစားရေးနဲ့ပြန်လည်ထူထောင်ရေးကော်မတီ၊ လွတ်ငြိမ်း ချမ်းသာခွင့်ကော်မတီတို့ပါပဲ။ ကော်မရှင် အဖွဲ့အဝင်တွေရွေး ချယ်ဖို့ကိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမည်စာရင်းတင်သွင်းဖို့ လမ်းဖွင့်ပေးခဲ့ပြီး နိုင်ငံအတွင်းက နိုင်ငံရေးပါတီများအားလုံး၊ အရပ်ဘက် လူ့ဘောင်အဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ မှီခိုမှုကင်းရှင်း လွတ်လပ်သောခုံအဖွဲ့က အဲဒီ့အမည်စာရင်းတင်သွင်းခံရသူတွေကို လူသိရှင်ကြား တွေ့ဆုံမေးမြန်းခဲ့ ပါတယ်။ အဲဒီ့အချိန်က တောင်အာဖရိကနိုင်ငံ သမ္မတက ကော်မရှင် ဥက္ကဋ္ဌအဖြစ် သာသနာပိုင်ချုပ် ဒက်စ မန်(ဒ်) တူးတူး (လူမည်း)ကို ခန့်ထားခဲ့သလို ဒုတိယဥက္ကဋ္ဌအဖြစ် အဲလက်(ခ်)(စ်) ဘိုရိန်း (လူဖြူ)ကို ခန့်ထားခဲ့ပါတယ်။ ဒုဥက္ကဋ္ဌဟာ လူဖြူဖြစ်ပင်ဖြစ်သော် ငြားလည်း ခရစ်ယာန် မက်သဒစ် အသင်းတော်ရဲ့ ဘုန်းတော်ကြီးဖြစ်ဖူးသလို အသား အရောင်ခွဲခြားရေး အစိုးရလက်ထက်မှာ လွှတ်တော်ကိုယ်စားလှယ် လည်း ဖြစ်ခဲ့ဖူးသူပါ။ သို့ပေမယ့် ၁၉၈၆ ခုနှစ်မှာ ရာထူးကနုတ်ထွက်ခဲ့ပြီး အဲဒီ့ အချိန်ကစလို့ အသားအရောင်ခွဲခြားမှု အဆုံးသတ်ရေးအတွက် ဆော်သြ လှုပ်ရှား ခဲ့ဖူးသူလည်းဖြစ်ပါတယ်။
▄ ကော်မရှင်ရဲ့ ဆောင်ရွက်ချက် ▄
ကော်မရှင်ရဲ့ အဓိကအလေးထားမှုကတော့ ခံလိုက်ရသူတွေပါပဲ။ ခံလိုက် ရသူတွေဆီက ထွက်ဆိုချက်ပေါင်း နှစ်သောင်း နှစ်ထောင်ကျော်ကို ကော်မရှင် က လက်ခံရရှိခဲ့ပါတယ်။ အဲဒါတွေနဲ့ပတ်သက်လို့ ကော်မရှင်က လူသိရှင်ကြား ကြားနာပါတယ်။ လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုအတွက် သက်သေခံချက်၊ ထွက်ဆိုချက်တွေကို ခံလိုက်ရသူတွေက အဲဒီ့ကြားနာမှုတွေ မှာ တင်ပြကြပါတယ်။ အက်ဥပဒေအရ လူ့အခွင့်အရေးပြင်းပြင်းထန်ထန် ချိုးဖောက်မှုကို ဖွင့်ဆိုထားတာကတော့ အသားအရောင်ခွဲခြားမှု အစိုးရလက်ထက်မှာ နှိပ်စက်ညှဉ်းပမ်းမှု၊ သတ်ဖြတ်မှု၊ ပျောက်ဆုံးမှု၊ အဓမ္မခေါ်ဆောင်မှု၊ ပြင်းထန်တဲ့ အနိုင်ကျင့်မှုများပဲဖြစ်ပါတယ်။
အစိုးရက ကျူးလွန်ခဲ့တာမဟုတ်ဘဲ လွတ်မြောက်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့ကြတဲ့ အာဖရိကနိုင်ငံလုံးဆိုင်ရာကွန်ဂရက်၊ အင်ကာသာ လွတ်မြောက်ရေးပါတီ၊ အာဖရိကတစ်ခွင်လုံး ကွန်ဂရက်အစရှိသော အုပ်စုအဖွဲ့ဝင်တွေ၊ ခေါင်းဆောင်တွေ ကျူးလွန်ခဲ့ကြတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားခဲ့ကြရသူတွေက လည်းပဲ ကော်မရှင်ရှေ့မှောက်ကို ရောက်လာခဲ့ကြပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် အတွက် လျှောက်လွှာပေါင်း ခုနစ်ထောင်ကျော်ကို ကော်မရှင်က လက်ခံရရှိခဲ့ပြန်သလို လွတ်ငြိမ်းချမ်း သာခွင့်အတွက် ကြားနာမှုပေါင်း နှစ်ထောင့်ငါးရာကျော်ကိုလည်း လုပ်ခဲ့ရပါတယ်။ အသားအရောင်ခွဲခြားမှု ကာလအတွင်း ကျူးလွန်ခဲ့တဲ့ ပြစ် မှုပေါင်း ထောင်သောင်းအတွက် လွတ်ငြိမ်း ချမ်းသာခွင့်ပေါင်း ၁၅ဝဝ ကို ကော်မရှင်က ပေးအပ်ခဲ့ပါတယ်။ သည်ကော်မရှင်ရဲ့ အရေးကြီး တဲ့ အင်္ဂါရပ်ကတော့ ပွင့်လင်းမြင်သာမှုနဲ့ လူတိုင်းအတွက် လမ်းဖွင့်ပေး ထားမှုပါပဲ။ ကော်မရှင်ကကျင်းပတဲ့ လူသိရှင်ကြား ကြားနာမှုများအားလုံးရဲ့ ရည်ရွယ်ချက်ကတော့ အသားအရောင်ခွဲခြားမှု ကာလအတွင်း ကျူးလွန်ခဲ့တဲ့ လူမဆန်မှုတွေကို နိုင်ငံသားတိုင်းသိရှိလာစေရေး သာဖြစ်ပါတယ်။
▄ စိန်ခေါ်မှုနဲ့ အကန့်အသတ်များ ▄
နိုင်ငံတွင်း ပဋိပက္ခမှာ ပါဝင်ခဲ့ကြတဲ့ဘက်အားလုံးက သည်ကော်မရှင်ကို လက်မခံတာမို့ ကော်မရှင်ဟာ စိန်ခေါ်မှုအတော်များများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ထိပ်တန်းတပ်ခေါင်းဆောင်တွေက ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက် မှုမရှိခဲ့ကြပါဘူး။ လုံခြုံရေးတပ်ဖွဲ့တွေမှာ ပါဝင်ခဲ့တဲ့ တပ်သားတွေ၊ ထောင် ထဲရောက်နှင့်နေသူတွေ၊ အမှုရင်ဆိုင်နေရသူတွေကသာ လွတ်ငြိမ်းချမ်းသာ ခွင့်ကို လျှောက်ထားခဲ့ပါတယ်။ အရင်အစိုးရလက်ထက်က ထိပ်တန်းနိုင်ငံရေး သမားတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေက ထိပ်တန်းခေါင်းဆောင်တွေကတော့ မလျှောက်ထားပါဘူး။
လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသူတွေကလည်းပဲ သူတို့က ''တရားသောစစ်''ကို ဆင်နွှဲခဲ့ကြတာ၊ သူတို့လုပ်ခဲ့တာတွေက လူ့အခွင့်အရေး ချိုးဖောက်တာ မဟုတ်တာမို့ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်စရာ မလိုဘူးလို့ စောဒကတက်ခဲ့ကြပါတယ်။ အတော့်ကို ဖျောင်းဖျယူတော့မှ အဲဒီ့လူတွေဟာ လွတ်ငြိမ်းချမ်းသာခွင့်လုပ်ငန်းစဉ်မှာ ပါဝင်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။
ကော်မရှင်ရဲ့ အဓိကအားနည်းချက်ကတော့ အသားအရောင်ခွဲခြားရေး အစိုးရရဲ့ မူဝါဒကို သိပ်အလေးအထားခဲ့တာပါပဲ။ တကယ်တော့ အသားအရောင်ခွဲခြားရေး မူဝါဒရဲ့ သက်ရောက်မှု၊ ရိုက်ခတ်မှုများကြောင့် သာသည်လို ကျူးလွန်သူတွေ လိုအပ်ခဲ့တာပါ။ တစ်နည်းအားဖြင့် သည်မူဝါဒချမှတ်သူတွေက တကယ့် မောင်းခလုတ်ကို ဖြုတ်သူတွေပါပဲ။ သည်လူတွေက နိုင်ငံကို အရှက် ရစေခဲ့တာကို ကော်မရှင်က တိတိပပ မဖော်ထုတ်နိုင်ခဲ့သလို အသားအရောင် ခွဲခြားရေးကနေ အမြတ်ထွက်ခဲ့သူတွေလည်း ဘာတာဝန်မှ ခံစရာမလိုဘဲ အသာလေးရှောင်ထွက်သွားစေနိုင်ခဲ့ပါတယ်။ လူမျိုးရေးခွဲခြားမှု အာဏာနဲ့ လူမျိုးရေးခွဲခြားမှု အခွင့်ထူးတို့ကြားက အဆက်အစပ်က မှေးမှိန်သွားခဲ့ပါတယ်။
ကော်မရှင်ရဲ့ အစဉ်အလာကို ပျက်ယွင်းစေခဲ့တဲ့ အချက်ကလည်း ရှိပါသေးတယ်။ အဲဒါကတော့ မယ်(န်)ဒဲလားနောက် တက်လာတဲ့ အစိုးရက ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော် ရာမှာ လေးလံနှေး ကွေးနေခဲ့တာပါပဲ။ ၂၁ ရာစုရဲ့ ပထမဆယ်စုနှစ် အကုန်အထိဆိုရင် ကော်မရှင် ရဲ့ အကြံပြုချက်တွေထဲက မဆိုစလောက် အနည်းငယ်မျှကိုသာ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် မလျှောက်ထားခဲ့သူတွေကို တရားစွဲတာတွေ၊ ကော်မရှင် က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာတွေလည်း အင်မတန်မှ နည်းပါးလှပါတယ်။
အဲလို အရေးမယူနိုင်ခဲ့တဲ့အတွက် ခံလိုက်ရသူအများအပြားမှာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်ကုန်ကြသလို အစိုးရဟာဖြင့်ရင် ဒဏ်မခတ်ရေးကို အလေးပေးတယ်၊ အသားအရောင်ခွဲခြားရေးမှာ အမြတ်ထွက်ခဲ့ကြသူတွေကို သူတို့လုပ် ခဲ့တာတွေအတွက် ဘာတာဝန်မှမယူစေဘဲ လွှတ်ပေးနေတယ်လို့ မြင်ကုန်အောင် အားပေးသလိုလည်း ဖြစ်ကုန်ပါတော့တယ်။
▄ အကဲဖြတ်ချက် ▄
အဲဒီ့ စိန်ခေါ်မှုတွေ၊ အကန့်အသတ်တွေ ရှိပင်ရှိခဲ့လင့်ကစား အမှန်တရား ကော်မရှင်ဖွဲ့စည်းဖြစ်လာစေခဲ့တဲ့ ကနဦး ဆုံးဖြတ်ချက်ချမှတ်တဲ့ လုပ်ငန်းစဉ် အပါအဝင် လုပ်ငန်းစဉ်တိုင်းမှာ လူထုရဲ့ ပါဝင်မှုအရေး ပါပုံကို ပြသနိုင်ခဲ့တဲ့အတွက် သည်ကော်မရှင်ကိုဖြင့် အောင်မြင် တဲ့ ကော်မရှင်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုကြပါတယ်။ ကော်မရှင်ရဲ့ ကြားနာစစ်ဆေးမှုတွေကိုလည်း တစ်ကမ္ဘာလုံးက စိတ်ဝင်စားခဲ့ကြပါတယ်။ စိတ်ဝင်စားကြဆို ခံလိုက်ရသူတွေ ဘက်ကရော၊ ကျူးလွန်သူတွေဘက်ကပါ တင်ပြသမျှကို လူသိရှင်ကြား ကြားနာခဲ့တဲ့ ကမ္ဘာ့ပထမဆုံး စစ်ဆေးမှုဖြစ်နေ လို့ပါပဲ။ အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့်ဆိုတာဟာ နိုင်ငံတကာဥပဒေနဲ့ မကိုက်ညီဘူးလို့ ယေဘုယျအားဖြင့် ယူဆ ကြလင့်ကစား တောင် အာဖရိကနိုင်ငံရဲ့ သည်ကော်မရှင်ကတော့ အခြေအနေ သတ်မှတ်ချက်များနဲ့ အညီ ပေးအပ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာဖြင့်ရင် ကျူးလွန်သူများရဲ့ ဝန်ခံချက်ကို ရရှိရေးအတွက် အသုံးဝင်လှတဲ့ အပေးအယူ တစ်မျိုးပဲဆိုတာကို ချိန်ဆဖြစ်လာအောင် အခြေခံဆင်ခြင်စရာတစ်ရပ်ကို ရရှိ စေခဲ့ပါတယ်။
တောင်အာဖရိကနိုင်ငံရဲ့ အမှန်တရားနဲ့ ပြန်လည် ရင်ကြားစေ့ရေး ကော်မရှင်ဟာ နျူရင်ဘာ့(ဂ်)တရားရုံး နည်းကနေ သိသိသာသာ ဖဲခွာလိုက်တာပါပဲ။ ငြိမ်းချမ်းရေး၊ တရားမျှတမှုတို့ကို တည်ဆောက်ရာမှာ၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ခဲ့သူများကို တာဝန်ယူစေရာမှာ စံနမူနာသစ်တစ်ရပ်ကို ဖော်ဆောင်လိုက်တာလို့လည်း ဆိုနိုင်ပါတယ်။
တစ်ပြိုင်တည်းမှာပဲ တောင်အာဖရိကနိုင်ငံသား အားလုံးကြားမှာ ပြန်လည် ရင်ကြားစေ့ရေးအတွက် အခြေခံအုတ်မြစ်ကို ချမှတ် လိုက်တာ လည်းပဲ ဖြစ်ပါတယ်။ ပြည်တွင်းပဋိပက္ခပြီးစ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်ကိုင်တွယ်နေရတဲ့ တခြားနိုင်ငံအများအပြားဟာလည်း အဲသလို ကော်မရှင်မျိုးတွေအတွက် အလားတူနည်းစနစ်တွေကို သုံးစွဲခဲ့ကြပေမယ့် တူညီတဲ့အခွင့်အာဏာတွေနဲ့တော့ မဟုတ်ပါဘူး။
တောင်အာဖရိကနိုင်ငံရဲ့ သည်ကော်မရှင်ဟာဖြင့်ရင် ကမ္ဘာသူ ကမ္ဘာသားများအတွက် ကျူးလွန်ချင်တိုင်း ကျူးလွန်ခဲ့ပြီး ဘာမှအရေးယူခြင်းမရှိတဲ့ အခြေအနေကို ရင်ဆိုင်ရာ၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ရှာဖွေရာမှာ အသုံးဝင် နိုင်မယ့် နည်းတစ်နည်းကို ပေးအပ်နိုင်ခဲ့တယ်လို့တော့ ဆိုရပါလိမ့်မယ်။
▄ နိဂုံး ▄
ကော်မရှင်ဥက္ကဋ္ဌ ဘုန်းတော်ကြီး ဒက်စမန်(ဒ်) တူးတူးရေး ထားတဲ့ ဆောင်းပါးကို အပြည့်အစုံဘာသာပြန်ပြီး တင်ဆက် လိုက်တာဖြစ်ပါတယ်။
အချုပ်ပြောရမယ်ဆိုရင်တော့ တောင်အာဖရိကနိုင်ငံရဲ့ အမှန်တရားနဲ့ ပြန်လည်ရင်ကြားစေ့ရေးကော်မရှင်ရဲ့ လုပ်ပုံကိုင်ပုံလေးက အင်မတန်သင်းတဲ့ စံနမူနာတစ်ခုဖြစ်ပါတယ်။
ပြုသူအသစ် ဖြစ်သူအဟောင်းဆိုသလိုပဲ ခံလိုက်ရသူတွေဆိုတာ ကလည်း တော်တော်တန်တန် ပြေဖို့၊ ကျေဖို့ ခက်ပါလိမ့်မယ်။ ဒါပေမယ့် ကျူးလွန်သူ ဆိုတာကလည်း ယုံကြည်မှုကြောင့်ဖြစ်စေ၊ မလွန်ဆန် သာလို့ ဖြစ်စေ၊ ကြောက် ရွံ့လို့ဖြစ်စေ၊ ဘဝရပ်တည်မှုအတွက်ဖြစ်စေ၊ ငါတကောကောချင်စိတ်တွေ ကြီးမားလို့ပဲဖြစ်စေ ကျူးလွန်တုန်းက ကျူးလွန်ခဲ့ပေမယ့် ကိုယ့်အလှည့်ကျ နွဲ့ချင်တတ်တာလည်း သဘာဝပါပဲ။
သည်နှစ်ခုကြားမှာ ရှဥ့်လည်း လျှောက်နိုင်၊ ပျားလည်း စွဲနိုင်အောင်၊ မြွေလည်း မသေ၊ တုတ်လည်း မကျိုးအောင် သည်ကော်မရှင်နဲ့ ကော်မရှင်ကို ဖွဲ့ဖြစ်စေတဲ့ အက်ဥပဒေတို့က ဖန်တီးပေးခဲ့ပါတယ်။ ပထမဆုံးက ကျူးလွန်ခဲ့ သမျှကို ဝန်သာခံလိုက်ပါ။ အဲဒါဆိုရင် ဘာဆိုဘာမှ အရေးမယူတော့ပါဘူးလို့ လုပ်လိုက်တာပါပဲ။ တစ်ဖက်က ဝန်ခံဖြောင့်ချက်ပေးနေမှတော့ ခံလိုက်သူတွေလည်း အပြည့်အဝ မဟုတ်တောင် တစ်စိတ်တစ်ပိုင်းတော့ စိတ်အထာကျသွား လောက်ပါပြီ။ သည်အခါမှာ လွတ်ငြိမ်းခွင့် ပေးလိုက် ပါတယ်။ ပြီးတာ ပြီးစေ တော့၊ နောက်သာ ဒါမျိုးမဖြစ်ပါစေနဲ့ဆိုတဲ့ပုံစံနဲ့ လွတ်ငြိမ်းခွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
ပြီးတော့မှ ခံရသူတွေအတွက် ပြေလည်မယ့် တခြားနည်းကို ရှာဖွေတာပါ။ တော်တော်လေးတော့ စိတ်ဝင်စားစရာကောင်းတဲ့ နည်းပါပဲ။
သင်ပုန်းချေတယ်ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သို့ပေမယ့် သင်ပုန်းမချေနိုင်တဲ့အတွက် နိုင်ငံတစ်နိုင်ငံ ရပ်တံ့မနေအောင် လုပ်ဆောင်သွားရာမှာ တောင်အာဖရိကနိုင်ငံရဲ့ အမှန်တရားနဲ့ ပြန်လည် ရင်ကြားစေ့ရေး ကော်မရှင်ရဲ့ လုပ်ဆောင်ချက်ကတော့ ဒါမျိုးကို စိတ်ဝင်စားသူတွေအတွက် စဉ်းစားစရာ ဖြစ်လောက်တယ်ဆိုတဲ့အတွေးနဲ့ မပြောရဲတဲ့ ကြားကပဲ ဇွတ်မှိတ်ပြောလိုက်ရပြန်ပါပြီ။ စိတ်ဝင်စားသူများအတွက် တွေးဆဆင်ခြင်စရာ တစ်စုံတစ်ရာတော့ ရသွားတန်ကောင်းရဲ့လို့ မျှော်လင့်မိကြောင်းပါခင်ဗျား။
စာညွှန်း - http://www.britannica.com/
…/Truth-and-Reconciliation-Commission-South-Africa