7Daydaily
..................
တောင်တွင်းကြီး၌ ပျောက်ဆုံး ကလေးငယ် ခိုးယူခံရခြင်း မဟုတ်
Byလင်းသက်နိုင်On Sun, 2016-01-17 06:30Locationအောင်လံIssue No.No.981 Sunday, January 17, 2016
တောင်တွင်းကြီးမြို့ အထက်တန်း ကျောင်းရှေ့တွင် ဇန်နဝါရီ ၁၂ ရက်က ပျောက်ဆုံးခဲ့သော အသက် (၉)နှစ်အရွယ် ကလေးငယ်သည် ခိုးယူခံရခြင်းမဟုတ်ဘဲ ဆွေမျိုးများ ရှိရာသို့ မိဘများ မသိအောင် တစ်ဦးတည်း သွားရောက်ခဲ့ခြင်းသာ ဖြစ်ကြောင်း တောင်တွင်းကြီးမြို့မရဲ တပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။
‘‘ဘယ်သူကမှ ခိုးသွားတာ၊ဖမ်းသွားတာမဟုတ်ပါဘူး။ သူ့ ဆွေမျိုးတွေကို တွေ့ချင်လို့ အဖေ မသိအောင် ဆိုင်ကယ်ကယ်ရီနဲ့ သွားခဲ့တာလို့ ကလေးက ပြောပါ တယ်။ သတင်းရရချင်းပဲ ကားနဲ့ လိုက်သွားခဲ့ပြီး အခု ဖခင်ထံအ ရောက် ပြန်လည်အပ်နှံပေးခဲ့ပါ ပြီ’’ ဟု တောင်တွင်းကြီးမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျရဲအရာရှိက ပြောသည်။
ကလေးငယ်သည် တောင်တွင်းကြီးမြို့နယ် အုန်းတော (၁) ရပ်ကွက်စစ်မှုထမ်းဟောင်း အိမ်ရာဝင်းနေ ဦးသန်းစိုးမင်းနှင့် ဒေါ်ဟေမာစိုးတို့၏ သားဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက် နံနက်က တောင်တွင်း ကြီးမြို့ အမှတ် (၁) အထက်တန်း ကျောင်းရှေ့၌ ဖခင်နှင့်အတူ လာရောက်ရာမှ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း လူမှု ကွန်ရက်များတွင် ကလေးသူခိုး များဖမ်းမိသည်ဟူသော မမှန်မ ကန် သတင်းများ ပျံ့နှံ့နေချိန်နှင့် တိုက်ဆိုင်စွာ ကလေးပျောက်ဆုံးမှု ဖြစ်သွားခဲ့ခြင်းကြောင့် ခိုးယူခံရ ခြင်းဖြစ်နိုင်သည်ဟူသော ထင်မြင်ချက် ကောလာဟလများ ပေါ်ထွက်လာခြင်း ဖြစ်နိုင်ကြောင်း အဆိုပါရဲ အရာရှိက ဆိုသည်။
ဇန်နဝါရီ ၁၃ ရက်တွင် ဖခင်၏ သတင်းပို့တိုင်ကြားချက်အရ တောင်တွင်းကြီး မြို့မရဲတပ်ဖွဲ့စခန်းက လူပျောက်အမှတ်စဉ် ၁/၂၀၁၆ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်း ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း ၎င်း က ဆိုသည်။ ဇန်နဝါရီ ၁၃ ရက် ညပိုင်းတွင် ၎င်း၏ ဆွေမျိုးများရှိ ရာ မြို့သစ်မြို့နယ် မြေပြင်သာ ကျေးရွာ ကျောက်နွားသိုးတဲတိုက် ရှိ အဘိုး၏နေအိမ်တွင် အဆိုပါကလေးငယ်ကို ပြန်လည်တွေ့ရှိခဲ့ပြီး ဖခင်ထံသို့ ခေါ်ဆောင်အပ်နှံပေးခဲ့ကြောင်း တာဝန်ကျရဲအရာရှိက ဆိုသည်။