The Voice Weekly
.......................
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နှစ်နှစ်ကြာ စွမ်းရည်မြှင့်တင်ရေးသင်တန်းများ ပေးပြီးသော်လည်း တိုးတက်လာခြင်းမရှိဟု EU ဆို
-------------------------------------------------------------
ဥရောပသမဂ္ဂ(EU)သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို စွမ်းရည်မြှင့်တင်ရေး၊ လူစုလူဝေးမှု ဖြေရှင်းရေးစသည့် သင်တန်းများပေးထားသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်သော်လည်း တိုးတက်ပြောင်းလဲလာခြင်းမရှိဘဲ မူလအခြေအနေများအတိုင်းသာရှိနေသည်ကို တွေ့မြင်ခဲ့ရကြောင်း EU ၏ မီဒီယာနှင့် လူထုအခြေပြုအဖွဲ့အစည်းများဆိုင်ရာ ကဏ္ဍခေါင်းဆောင် Ms. Karin Deckenbach က ပြောကြားသည်။
မန္တလေးစွမ်းဟိုတယ်တွင် ဇန်နဝါရီလ ၃ဝ ရက်နေ့က ပြုလုပ်သည့် ဥရောပသမဂ္ဂ၏ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မြို့ခံများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ၄င်းက အထက်ပါအတိုင်းထည့်သွင်းပြောကြားခြင်းဖြစ်သည်။
“မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ပဋိပက္ခကိုင်တွယ်ဖြေရှင်းပုံတွေကို ကြည့်မယ်ဆိုရင် တိုးတက်ပြောင်းလဲလာခြင်းမရှိတာကို တွေ့မြင်ရပါတယ်။ အသိသာဆုံးကတော့ ကျောင်းသားအရေးအခင်း ကိုင်တွယ်ပုံက အနီးစပ်ဆုံးပါပဲ။ တခြားပြဿနာတွေမှာလည်း ဒီအတိုင်းပဲ တွေ့ခဲ့ရပါတယ်”ဟု ၄င်းက ဆိုသည်။
ယင်းကဲ့သို့ တိုးတက်ပြောင်းလဲလာခြင်းမရှိရသည့် အကြောင်းအရင်းများသည် ရဲတပ်ဖွဲ့သည် တသီးတခြား လုပ်ပိုင်ခွင့်ရှိသေ အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ခြင်းမရှိဘဲ တပ်မတော်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးစသည့် အဖွဲ့အစည်းများ၏အမိန့်များ ညွှန်ကြားချက်များအောက်တွင် လုပ်ကိုင်နေရသည့်အဖွဲ့အစည်းဖြစ်နေခြင်းက အဓိက ပြဿနာတစ်ခုဖြစ်ကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် သင်တန်းမှူး Mr. Leo de Riedmattenက ပြောကြားသည်။
ရဲတပ်ဖွဲ့သည် လုံးဝတိုးတက်လာခြင်း မရှိသည်တော့မဟုတ်ဘဲ အချို့ကိစ္စများတွင် တိုးတက်မှုအနည်းငယ်ရှိခဲ့သည်ကို တွေ့ခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် သင်တန်းပေးစဉ်က သိရှိတတ်မြောက်ထားသည့်စွမ်းရည်များကို အသုံးချလိုသော်လည်း အသုံးချခွင့် မရသည်ကိုတွေ့ခဲ့ရပြီး ရဲတပ်ဖွဲ့သည်လွတ်လပ်ပြီး ကိုယ်ပိုင်လုပ်ပိုင်ခွင့်ဖြင့် ရပ်တည်နိုင်သည့်အခြေအနေမျိုးတွင် သင်တန်းပေးထားသည့်စွမ်းရည်များကို အသုံးချနိုင်လာမည်ကိုယုံကြည်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
“ရဲတပ်ဖွဲ့က တိုးတက်ပြောင်းလဲမှုကို လိုလားတာတွေလည်း ရှိခဲ့တယ်။ သူကိုယ်တိုင်က ပြောင်းလဲမှုကို လိုလားတယ်။ ဒါပေမဲ့ သူကအမိန့်တွေအောက်မှာနေနေရတာဖြစ်တဲ့အတွက် ပြောင်းလဲလိုသော်လည်း မပြောင်းလဲနိုင်တာတွေ ရှိတယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ရပါတယ်”ဟု Ms. Karin Deckenbachက ဆိုသည်။
ဥရောပသမဂ္ဂအနေနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ၂ဝ၁၄ ခုနှစ်အတွင်းမှစတင်ပြီး လူစုလူဝေးပြဿနာများ ကိုင်တွယ်ဖြေရှင်းခြင်း၊ လူ့အခွင့်အရေးနှင့်အညီ ကိုင်တွယ်ဖြေရှင်းခြင်းစသည့် သင်တန်းများအပါအဝင် အခြားစွမ်းရည်မြှင့်တင်ရေး သင်တန်းများပေးခြင်း၊ လက်နက်ပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို စီမံကိန်းတစ်ခုအနေနှင့် ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၅ခုနှစ် စက်တင်ဘာလတွင် ယင်းစီမံကိန်းပြီးဆုံးသွားခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲတပ်ဖွဲ့အင်အား ရှစ်သောင်းကျော်ရှိပြီး နှစ်နှစ်တာကာလအတွင်း ဥရောပသမဂ္ဂက တပ်ဖွဲ့ဝင်ပေါင်း ငါးထောင်ကျော်ကို သင်တန်းပို့ချပေးထားခဲ့ပြီး ရဲအရာရှိများကို သီးသန့်ပေးသည့် သင်တန်းများလည်းရှိခဲ့ကြောင်း ယင်းသမဂ္ဂထံမှ သိရသည်။