Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

လွှတ်တော်ထဲက အတိုက်အခံ အမျိုးသမီး

$
0
0
ဇော်နောင်လင်း

နိုင်ငံရေးဆိုတာ ကြောက်စရာ ကောင်းတယ်ဆိုတဲ့ အတွေး၊ နိုင်ငံရေးကို မပတ်သက်ရင် ကောင်းမယ်ဆိုတဲ့ အမြင်တွေနဲ့ ဆယ်ကျော်သက် ဘ၀က ခံယူချက်တွေဟာ အခုအချိန်မှာတော့ သူ့ရဲ့လက်ရှိဘ၀နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေခဲ့ပြီ။

(၁၈)၊ (၁၉) နှစ်အရွယ်က ၁၉၉၀ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် သင်္ဃန်းကျွန်းမြို့ နယ် NLD လူငယ်တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံးသော နိုင်ငံရေးအတွေ့အကြုံမှာတင်ပဲ လူကြီးနဲ့ လူငယ်ကြားက တိုက်ပွဲတွေ၊ လူကြီးတွေ အချင်းချင်းကြားက အာဏာလုပွဲတွေ၊ အုပ်စုဖွဲ့တိုက်ပွဲတွေရဲ့ကြားမှာ ကြောက်စရာပါလားဆိုတဲ့အသိနဲ့ နိုင်ငံရေးဟာ ခါးသီးခဲ့တယ်။

““လူတွေက အာဏာရဖို့ဆိုရင် ပုံမှန်မဟုတ်တော့ဘူး၊ တွေးခေါ်မြော် မြင်ပုံ တော်တော်လေး ပြောင်းလဲ တယ်ဆိုတာ သတိထားမိခဲ့တယ်။ ခပ်ရင့်ရင့်ပြောရရင် ဗမာတွေ အာဏာ မက်ပါလားလို့ တွေးမိခဲ့တာ။ အဲဒါ က ကလေးဘ၀မှာ ကြုံခဲ့ရတဲ့ နိုင်ငံရေးရဲ့ပုံရိပ်ပဲ””လို့ ဒေါက်တာ ညိုညိုသင်းက ပြောတယ်။

ဒါပေမဲ့ အဲဒီ ကလေးဘ၀ ခံယူချက်က အချိန် ကြာမြင့်စွာတော့ သူ့ရင်ထဲမှာ မစွဲမြဲခဲ့။ ဒါကြောင့်လည်း ၂၀၁၀ ရွေးကောက်ပွဲမှာ သူဝင်ပြိုင် ဖြစ်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဗဟန်း မဲဆန္ဒနယ်ကနေ အနိုင်ရခဲ့တာ။ လွှတ်တော်ထဲမှာ အင်အားနည်းပါးတဲ့ အတိုက်အခံ ကိုယ်စားလှယ် တစ်ဦးအဖြစ် ရပ်တည်ခဲ့တာ။ ပညာရှင် ဘ၀ကို စွန့်လွှတ်ပြီး နိုင်ငံရေး နယ်ပယ်ထဲမှာ ရုန်းမထွက်နိုင်ခဲ့တာ။

ငယ်စဉ်တုန်းက နိုင်ငံရေး လောကကို စိတ်ပျက်စရာ အဖြစ် မြင်ခဲ့ပြီး ဝေးဝေးကို ရှောင်ထွက်ခဲ့ပြီးကာမှ ဘာကြောင့်များ အခုတော့ နိုင်ငံရေး လောကမှာ ပြန်လည် မြှုပ်နှံခဲ့ရတာလဲ။ ဒီမေးခွန်း အတွက် အဖြေကတော့ အသက်အရွယ် အလိုက်၊ အတွေ့အကြုံ အလိုက် ပြောင်းလဲလာတဲ့ သူ့ရဲ့ခံယူချက်တွေကြောင့်လို့ ဆိုနိုင်တယ်။

““နိုင်ငံရေး လောကက အတွေ့အကြုံ ရပေမယ့် နည်းနည်းတော့ လန့်သွားတာပေါ့။ ပညာရေး လောကက ကောင်းပါလား၊ ငါပညာရှင် ဖြစ်ဖို့ အရေးကြီးတယ် ဆိုတဲ့ သင်ခန်းစာ ရလိုက်တာပေါ့။ ကိုယ့်အချင်း ချင်းကြားမှာ အာဏာရဖို့ ခွင်ဆင် ပြီး ထောင်ချတာတွေ တွေ့ခဲ့ရတာကိုး။ ကိုယ့်ထက်ငယ်တဲ့ ရိုးသားတဲ့ ကလေးတွေ ထောင်ထဲမှာ စတေး ခံလိုက်ရတာ အများကြီး တွေ့ခဲ့တယ်””လို့ သူကဆိုတယ်။

ဒါကြောင့်ပဲ အဲဒီအချိန်ကစပြီး ဥပဒေပညာ နောက်ဆုံးနှစ် ရောက်နေတဲ့ သူ့ရဲ့ပညာရေးဘက်ကို ပိုအားစိုက်ခဲ့တယ်။ ၁၉၉၁ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်က ဥပဒေဘွဲ့ကို ရရှိခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ မဟာ ဥပဒေဘွဲ့ ရရှိခဲ့တယ်။ အခြား တစ်ဖက်မှာလည်း အင်္ဂလိပ်စာကို လေ့လာ လိုက်စားခဲ့တယ်။ နိုင်ငံခြား ဘာသာ တက္ကသိုလ်မှာ ပြင်သစ်စာနဲ့ ဂျပန်စာ သင်ယူတယ်။ အဝေးသင် တက္ကသိုလ်မှာလည်း ဥပဒေဌာနမှာ ဆရာမ ၀င်လုပ်တယ်။ ဒီလိုနဲ့ အဲဒီနှစ် ကာလတွေဟာ သူ့အတွက် ပညာရေး ဘက်မှာပဲ ဇောက်ချ လုပ်ကိုင်ခဲ့တဲ့ ကာလတွေ ဖြစ်ခဲ့တယ်။

ဒါပေမဲ့ နှစ်များစွာ မကြာမီ အတွင်းမှာပဲ ပညာရေး လောကမှာလည်း သူ့အတွက် သင်ခန်းစာ တစ်ခု ရခဲ့ပြန်တယ်။ ပညာရေး ဘက်မှာ ထူးချွန်တဲ့ သူ့အနေနဲ့ နိုင်ငံခြား တိုင်းပြည်တွေမှာ ပညာ သင်ယူခွင့်တွေ အကြိမ်ကြိမ် ရခဲ့ပေမယ့် ပညာရေးဌာနရဲ့ ဗဟိုဦးစီး ချုပ်ကိုင်မှုတွေ၊ နိုင်ငံကူး လက်မှတ်ရဖို့ ခက်ခဲတဲ့ အခြေအနေတွေကြောင့် အခွင့်အရေးတွေကို အကြိမ်ကြိမ်ပဲ လက်လွှတ် ခဲ့ရတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံရဲ့ ပညာရေး လောကမှာ ပြုပြင် ပြောင်းလဲရေး လုပ်စရာတွေ အများကြီး ရှိနေတာကို သူသတိပြု မိခဲ့တယ်။

““အစိုးရ အလိုကျ လုပ်ရတဲ့ စနစ်ကို မပြောင်းလဲ နိုင်သရွေ့ ပညာရှင် စစ်စစ်ဖြစ်ဖို့ အခွင့်အရေး မရှိဘူး””လို့ ဒေါက်တာ ညိုညိုသင်းက ဆိုတယ်။

အဲဒီကာလမှာ ဆရာ၊ ဆရာမတွေသာ လွတ်လွတ် လပ်လပ်နဲ့ နိုင်ငံကူး လက်မှတ် လုပ်ခွင့်၊ နိုင်ငံခြားမှာ ပညာ သင်ကြားခွင့်ရရင် ပညာတတ်တွေ အများကြီး စေလွှတ်နိုင်ပြီး အဲဒီ ပညာတတ်တွေက အခုအချိန်မှာ တိုင်းပြည် အတွက် အများကြီး လုပ်နိုင်ပြီလို့ သူက ယုံကြည်ခဲ့တယ်။

““ဒါကြောင့် ပညာရေး လောကကို ပြုပြင် ပြောင်းလဲရေး လုပ်ရမယ် ဆိုတာ ဒုတိယ သင်ခန်းစာ ရခဲ့တယ်””လို့ သူက ပြောတယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာတဲ့အခါ ပညာရေး နဲ့ ပတ်သက်ပြီး ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့၊ ဆရာ၊ ဆရာမတွေကို ထောက်ပံ့ ချီးမြှင့်ဖို့ ကျောင်းမုန့် ဈေးတန်းတွေကို အန္တရာယ်ကင်းအောင် စစ်ဆေးပေးဖို့ ကလေးတွေကို အာဟာရ နွားနို့ တိုက်ကျွေးပေးဖို့ လွှတ်တော်ထဲမှာ အဆိုတွေ တင်သွင်းခဲ့တာ ဖြစ်တယ်။

ပညာသင်ခွင့်တွေ အကြိမ်ကြိမ် လွဲချော်ခဲ့ပေမယ့် ၂၀၀၀ ပြည့်နှစ်မှာတော့ နိုင်ငံခြား ပညာသင်ခွင့် ရရှိခဲ့ပြီး ဂျပန်နိုင်ငံကို သွားရောက် ခဲ့ရတယ်။ ၂၀၀၆ ခုနှစ်မှာ ဥပဒေ ဒေါက်တာဘွဲ့ ရရှိခဲ့ပြီး မိခင်ဌာနကို ပြန်လာခဲ့တယ်။ သူ့ရဲ့ဘွဲ့ယူ စာတမ်းဖြစ်တဲ့ “Democratization and it’s Discontents” ဆိုတဲ့ စာတမ်းကလည်း ကုလသမဂ္ဂရဲ့ ဆုချီးမြှင့်မှုကို ခံခဲ့ရတယ်။ အရှေ့တောင် အာရှ နိုင်ငံတွေထဲမှာ ပထမဆုံး ရရှိတဲ့ဆု ဖြစ်တာမို့ ကိုယ်တိုင် တက်ရောက် ယူချင်ပေမယ့် ဂျပန်နိုင်ငံကို ပြန်လည် ထွက်ခွာပြီး ဆုသွားယူဖို့ အစိုးရက ခွင့်မပြုခဲ့ဘူး။

““လမ်းဆုံ တစ်ခုကို ရောက်ခဲ့တာပေါ့။ ကမ္ဘာက အသိအမှတ်ပြုတဲ့ ဆုတစ်ဆုကို ကိုယ့်ရဲ့ပညာရေး Background အတွက် သွားယူမလား၊ ဒီအလုပ်မှာပဲ ဆက်ပြီးတော့ ဖိနှိပ် ချုပ်ချယ်မှုတွေကြားမှာ ဆက်လုပ်မလားပေါ့။ လူကြီးတော့ ဖြစ်လာမှာပေါ့လေ။ ဂုဏ်တော့ ရှိတယ်ဆိုတဲ့ သမားရိုးကျ ဘ၀နဲ့ပဲ ဆက်နေမလားပေါ့””လို့ သူကဆိုတယ်။

နောက်ဆုံးမှာတော့ အဲဒီအချိန်က လက်ရှိ အလုပ်ဖြစ်တဲ့ တောင်ငူ တက္ကသိုလ် ဥပဒေ ပညာဌာန၊ ကထိက ရာထူးကနေ ကျပ်သိန်း (၅၀) လျော်ကြေးပေး နုတ်ထွက်ပြီး ဆုယူဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ဂျပန် နိုင်ငံကို ထွက်ခွာခဲ့တယ်။ တိုကျိုမြို့၊ ကမ္ဘာ့ကုလသမဂ္ဂ တက္ကသိုလ် (United Nations University, UNU) Peace and Govermance Programme မှာ ဧည့်ပါမောက္ခ အဖြစ် တာဝန် ထမ်းဆောင်ခဲ့တယ်။ သူနဲ့အတူ အမျိုးသား ဖြစ်သူကလည်း ဂျပန်နိုင်ငံကို လိုက်ပါ လာခဲ့တယ်။

UNU မှာ မြန်မာနိုင်ငံရေး လေ့လာ လိုက်စားသူတွေနဲ့ လက်တွဲ လုပ်ဆောင် ခဲ့ရတာကတော့ ပညာရေးဘက်မှာ မြှုပ်နှံထားတဲ့ သူ့ရဲ့နိုင်ငံရေးပိုးကို ပြန်လည် နိုးကြွလာစေခဲ့ပြီး အချိုးအကွေ့တစ်ခုကို ရောက်စေ ခဲ့ပြန်တယ်။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အဖြစ်အပျက်တွေ၊ နိုင်ငံရေး အတွက် အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျ ခံခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ၊ ဆင်းရဲ ဒုက္ခရောက်နေတဲ့ ပြည်သူတွေ။ အခြေအနေတွေ အားလုံးက ကိုယ့် ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ဖို့ သူ့ကို တွန်းအားပေး လာခဲ့တယ်။ ကိုယ့်နိုင်ငံက ပြည်သူတွေ ဒုက္ခရောက်နေတဲ့ အချိန်မှာ ကိုယ်တစ်ယောက်တည်း ပြည်ပနိုင်ငံမှာ ကောင်းမွန်တဲ့ လစာနဲ့ သက်သောင့် သက်သာ နေနေရတဲ့ အခြေအနေဟာ တရားမျှတမှု မရှိဘူးလို့ ခံစားမိတဲ့ အချိန်မှာ မိသားစုနဲ့ မိတ်ဆွေတွေရဲ့ တားမြစ်သံတွေ ရဲ့ကြားက သူတို့ ဇနီးမောင်နှံ နှစ်ဦးဟာ မြန်မာနိုင်ငံကို ၂၀၀၉ ခုနှစ်မှာ ပြန်လာခဲ့တယ်။

““(၁၃) နှစ် လုပ်ခဲ့တဲ့ အစိုးရ အလုပ်လည်း ဆုံးရှုံးခဲ့ပြီ ဆိုတော့ ပြန်လာတော့ လူတိုင်းက အပြစ် တင်ကြတယ်။ ကိုယ်ကတော့ နိုင်ငံအတွက် ကြိုးစား လုပ်ကြည့်မယ် ဆိုပြီး ရွေးကောက်ပွဲ ၀င်ခဲ့တာ။ ကျောက်တောင်ကို ကြက်ဥနဲ့ ပေါက်ကြည့်ဖို့ ကြိုးစား ခဲ့တာပေါ့””လို့ ဒေါက်တာ ညိုညိုသင်းက ပြောတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ကို ကိုယ်စားပြုပြီး ဗဟန်း မဲဆန္ဒနယ် အမှတ် (၂) ကနေ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် သူရွေးချယ် ခံခဲ့ရတယ်။ အရင်က NLD ပါတီဝင် တစ်ယောက် ဖြစ်ခဲ့ပေမယ့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ကို ရွေး ချယ်ခဲ့တဲ့ အကြောင်းကတော့ သူပြန်လာပြီး ရွေးကောက်ပွဲ ၀င်ဖို့ ပြင်ဆင်တဲ့ အချိန်မှာ NLD ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်ဆဲ ကာလ ဖြစ်တာကြောင့် ဒီမိုကရေစီဘက် တော်သားတွေ ပါဝင်တယ်လို့ ယူဆတဲ့ ပါတီ တစ်ခုကို ရွေးချယ်ခဲ့တာလို့ ဆိုတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲဝင်ပြီး နှစ်နှစ်လောက် အကြာ ၂၀၁၂ ခုနှစ်မှာ အကြောင်း အမျိုးမျိုးကြောင့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) က နုတ်ထွက်ပြီး တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်ခဲ့တယ်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ထဲမှာတော့ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် (၁၂၃) ဦးရှိတဲ့ အနက် အမျိုးသမီး ကိုယ်စားလှယ် ခုနစ်ဦး ပါဝင်တဲ့ အထဲက အင်အား နည်းပါးလှတဲ့ အတိုက်အခံ ကိုယ်စားလှယ် နှစ်ဦးမှာ သူက တစ်ဦး အပါအ၀င် ဖြစ်ခဲ့တယ်။ သူ့ရဲ့ အကျင့်စရိုက်ကိုက ဒီမိုကရေစီ လမ်း ကြောင်းနဲ့ သွေဖည်တဲ့ လုပ်ရပ်၊ မတရားတဲ့ လုပ်ရပ်လို့ ယူဆရင် ပြင်းပြင်း ထန်ထန် ဝေဖန် တတ်တာကြောင့် လွှတ်တော် အတွင်းမှာ “ဒေါ်ညိုညိုသင်း၊ ကိုယ်ရောက်နေတဲ့ နေရာကို သတိထားပါ”လို့ သတိ ပေးခံရတဲ့ အတိုက်အခံ တစ်ယောက် ဖြစ်လာရုံ သာမက တိုင်းဒေသကြီး အစိုးရ အဖွဲ့နဲ့လည်း “ဒီစကားပြောရင် သတ်မှာနော်”လို့ အပြောခံရတဲ့ အထိ မိတ်ဆွေ မဆန်တဲ့ ဆက်ဆံရေး ဖြစ်လာခဲ့တယ်။

ဒါပေမဲ့ ဒေါက်တာ ညိုညိုသင်း ကတော့ နာမည်နဲ့ လိုက်တဲ့ အသား ညိုညို သူ့မျက်နှာမှာ အရာရာကို ရင်ဆိုင် ကျော်လွှားမယ်ဆိုတဲ့ အမူအရာနဲ့ အဲဒီ အခက်အခဲတွေကို ဟာသ လုပ်ပစ်လိုက်ဟန် တူတယ်။ ““လွှတ်တော် ထဲမှာတော့ ငပွကြီး ဖြစ်နေတာပေါ့””လို့ အဲဒီ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရယ်ရယ် မောမောပဲ ဆိုတယ်။

သူ့ရဲ့ လွှတ်တော် ကိုယ်စားလှယ် သက်တမ်း တစ်လျှောက် အဆိုပေါင်း (၂၀) ၀န်းကျင် တင်ခဲ့ပေမယ့် အတည်ဖြစ်တဲ့ အဆိုက သုံးခုပဲ ရှိခဲ့တယ်။ လွှတ်တော် အစည်းအဝေး တစ်လျှောက် ရာနဲ့ချီပြီး မေးခွန်းတွေ မေးမြန်း ခဲ့ပေမယ့်လည်း သူ့ရဲ့မေးခွန်းတွေက လွှတ်တော်ရဲ့ဖြေဆိုဖို့ ကြွေးကျန် စာရင်းထဲမှာ ကျန်ရှိနေဆဲ။ အတိုက်အခံ ကိုယ်စားလှယ် ဖြစ်တာကြောင့်လည်း အစိုးရအဖွဲ့ရဲ့ မျက်နှာသာပေးမှုကို မခံရဆဲပါပဲ။

““နိုင်ငံခြား ရောက်ရင် အစိုးရကို ဆန့်ကျင်သူ အဖြစ် လုပ်ရင် အထောက်အပံ့ ရကြတယ်။ ကိုယ့် မျက်စိရှေ့မှာတင် နိုင်ငံရေး လုပ်စားသူတွေနဲ့ တွေ့ခဲ့ရတယ်။ ကိုယ့်နိုင်ငံမှာ နိုင်ငံရေး လုံးဝ မလုပ်ပေမယ့် နိုင်ငံခြားရောက်မှ နိုင်ငံရေး လုပ်စားသူတွေနဲ့ တွေ့ခဲ့ရတယ်။ ကံကောင်းတာက ကျွန်မက အဲဒီလူတွေနဲ့ ဝေးခဲ့တယ်။ အတု၊ အစစ်ကို နားလည်ပြီး ကင်းကင်း ရှင်းရှင်း နေနိုင်ခဲ့တယ်။ ဒါကြောင့်ပဲ လွှတ်တော်ထဲမှာ ဒီနေ့အထိ မားမား မတ်မတ် ရပ်နေနိုင်တာလို့ ထင်တယ်””လို့ သူကဆိုတယ်။

ဒေါက်တာ ညိုညိုသင်းဟာ ၂၀၁၂ ခုနှစ်မှာ မဇ္ဈိမက ရွေးချယ်တဲ့ အပြောင်းအလဲ လုပ်တဲ့ ပုဂ္ဂိုလ် ကိုးဦးမှာ ပါဝင်ခဲ့သလို ၂၀၁၄ ခုနှစ်မှာ BBC ကရွေးချယ်တဲ့ သြဇာကြီးမားတဲ့ ကမ္ဘာ့ အမျိုးသမီး (၁၀၀) စာရင်းမှာလည်း ပါဝင်ခဲ့သူပါ။ ဒါ့အပြင် မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့များ ကွန်ရက်က ပေးတဲ့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားတဲ့ ဥပဒေ ပညာရှင်ဆု၊ International Republican Institute ကပေးတဲ့ Rising အမေဆု ၊ Kennedy School of Government (Harvard University) ကပေးတဲ့ တက်သစ်စ အမျိုးသမီး နိုင်ငံရေး ဦးဆောင်သူဆု၊ Wellesley College (USA) ကပေးတဲ့ Woman in Public Service ဆုတွေကိုလည်း ရရှိခဲ့ပါတယ်။

နိုင်ငံရေးမှာ ပြည်သူတွေပါမှ ရမယ်ဆိုတဲ့ အယူအဆကို ကိုင်စွဲထားသူ ဒေါက်တာ ညိုညိုသင်းကတော့ ပြည်သူ မပါဝင်ဘဲ နိုင်ငံရေးကို နိုင်ငံရေး သမားတွေရဲ့ လက်ထဲမှာပဲ ထားရင် တိုင်းပြည်က ဒီမိုကရေစီကို မြန်မြန် ဆန်ဆန် တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည် ထားသူပါ။ သူ့အနေနဲ့ နိုင်ငံရေး လောကမှာ ဆက်လက် လျှောက် လှမ်းဖို့ ရည်ရွယ် ထားပေမယ့်လည်း ပါတီ တစ်ခုခုအောက်မှာ ၀င်မလား၊ တစ်သီးပုဂ္ဂလအဖြစ် ဆက်လက် ရပ်တည်မလား ဆိုတာကတော့ လက်ရှိမှာ မဆုံးဖြတ် နိုင်သေးပါဘူး။

““PR ကလည်း လုပ်မယ် ဆိုတော့ တချို့ PR က တစ်သီးပုဂ္ဂလ အားပေးတယ်။ တချို့ PR က တစ်သီးပုဂ္ဂလကို ပိတ်ပင်တယ်။ အခု လာမယ့် စနစ်က ဘာမှန်း မသိသေးတော့ ယတိပြတ်တော့ ပြောလို့မရသေးဘူး””လို့ သူက ဆိုပါတယ်။

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...