အမေရိကန်ပြည်ထောင်စုရဲ့ Law School ဝင်ခွင့်စာမေးပွဲတွေအကြောင်း မိတ်ဆက်ပေးခဲ့တယ်။ ဒီနေရာမှာတော့ နာမည်ကြီးတက္ကသိုလ်တွေဆီ ဘယ်လိုဝင်ခွင့်ရအောင် လုပ်မလဲ ဆိုတဲ့ နည်းဗျူဟာအကြောင်း မိတ်ဆက်ပေးချင်တယ်။
နာမည်ကြီးတက္ကသိုလ်တွေကို ဝင်ခွင့်ရမဲ့နည်းလမ်း (၃) သွယ်ရှိပါတယ်။
(၁) သမရိုးကျနည်းလမ်း
တချို့က အထက်တန်းကျောင်း အောင်မြင်ပြီးသွားတဲ့ အခါ မိမိမှာရှိတဲ့ အမှတ် နဲ့ ကိုယ်ရေးရာဇဝင် နောက်ခံမိသားစု အခြေအနေပေါ်မှာ မူတည်ပြီး ကျောင်းကောင်းတွေကို ဝင်ခွင့်ရကြတယ်။ ဒါကတော့ ပုံမှန်သွားနေကျ လမ်းကြောင်းပါ။
(၂) ပူးတွဲအစီအစဉ်များမှတဆင့် ဝင်နည်း
အထက်တန်းအောင်ပြီးလို့ ကိုယ်လိုချင်တဲ့ တက္ကသိုလ်ကို ဝင်ခွင့်မရလည်း စိတ်မပျက်ပါနဲ့။ အကောင်းဆုံးကတော့ အဲဒီကျောင်းတွေနဲ့ 2+2 program (သို့မဟုတ်) 3+1 program တွေ ရှိမဲ့ Community College တွေကို ရှာပါ။
ဥပမာ- နယူးယောက်အထက်ပိုင်းဒေသမှာ ရှိတဲ့ Cornell University ကို ဝင်ချင်ရင် အဲဒီမြို့တဝိုက်မှာ Tompkins Cortland Community College (TC3) ဆိုတာရှိတယ်။ အဲဒီ community college နဲ့ ကော်နဲလ် တက္ကသိုလ်တို့ ပူးပေါင်းရေးဆွဲထားတဲ့ ဒီဂရီတွေရှိတယ်။ ၂ နှစ်ပြီးသွားလို့ ဂရိတ် ကောင်းတယ် ဆိုရင် ကော်နဲလ်တက္ကသိုလ်ဆီကို ကူးပြောင်းသွားလို့ ရတယ်။ မိမိတက်ထားတဲ့ ခရက်ဒစ်တွေအားလုံးလည်း မနစ်နာသလို၊ ကောနဲလ်တက္ကသိုလ်ဆီက စကောလားရှစ်လည်း ရမယ်။
ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ် ဥပဒေစာသင်ခန်းတခု မြင်ကွင်း ဖြစ်ပါသည်။ထို့အတူပဲ၊ ရိုချက်စတာမြို့မှာရှိတဲ့ Monroe Community College က အဲဒီမြို့ရဲ့ နာမည်ကြီးတက္ကသိုလ်တွေဖြစ်တဲ့ University of Rochester နဲ့ Rochester Institute of Technology တက္ကသိုလ်တွေဆီမှာ သင်ယူနိုင်တဲ့ ဒီဂရီတွေ နဲ့ ပူးတွဲ ရေးဆွဲထားတယ်။ 2+2 program တွေဖြစ်တယ်။ အဲသလို Joint program တွေ မရှိတဲ့ ဒီဂရီတွေအတွက်လည်း ကျောင်းက လက်ခံပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် အပါအဝင် ကျန်တဲ့ပြည်နယ်က တက္ကသိုလ်တွေကိုလည်း ဒီအတိုင်းပဲ စဉ်းစားနိုင်ပါတယ်။
(၃) သွယ်ဝိုက်သောနည်းလမ်း
တတိယနည်းလမ်းက အထက်မှာ ဖော်ပြခဲ့တဲ့ ဒုတိယနည်းလမ်း နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဥပမာ- ကိုယ်က Harvard Law School (သို့မဟုတ်) ဟားဗတ်တက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံ၊ နိုင်ငံတကာ ဆက်ဆံရေးတွေမှာ ဝင်ခွင့်ရချင်တယ်။ တိုက်ရိုက်ဝင်ဖို့ဆိုတာ အဆက်အသွယ် မရှိရင် မလွယ်ဘူး။ လျှောက်တဲ့သူကလည်း များတာကိုး။ လျှောက်လို့မရခဲ့ဘူး ဆိုရင်၊ Harvard တက္ကသိုလ်ရဲ့ ဋ္ဌာနခွဲတွေနဲ့ ပူးပေါင်းဖွင့်ထားတဲ့ တက္ကသိုလ်တွေကို ရှာရမယ်။ တချို့ တက္ကသိုလ်တွေက ဥရောပမှာ ရှိမယ်။ အာရှမှာ ရှိမယ်။ ဥပမာ- ဟန်ဂေရီ၊ တရုတ်၊ ဟောင်ကောင်၊ ဘယ်ဂျီယံ မှာ တည်ရှိနေတဲ့ တက္ကသိုလ်တွေ ဖြစ်တယ်။ ထို့အတူပဲ- ဘော်စတွန်မြို့ နဲ့ မလှမ်းမကမ်းက တက္ကသိုလ်တွေမှာ ရှိမယ်။
အထင်ရှားဆုံး ဥပမာကို ပြပါဆိုရင် ဘော်စတွန်မြို့နားမှာ တည်ရှိတဲ့ Tufts University
အဲဒီတက္ကသိုလ်မှာ The Fletcher School of Law and Diplomacy ဆိုတဲ့ ကျောင်းရှိတယ်။
နိုင်ငံတကာ အကြမ်းမဖက် လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေတဲ့ တက်ကြွလှုပ်ရှားသူတွေကို နွေရာသီတိုင်း ဆွေးနွေး သင်ကြားပို့ချတဲ့ ကျောင်းဖြစ်တယ်။
အဲဒီကျောင်းမှာ အရှေ့ဥရောပ အရောင်တော်လှန်ရေးတွေကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေ၊ တိဘက် လွတ်မြောက်ရေးလှုပ်ရှားမှုခေါင်းဆောင်တွေကို တွေ့ရမှာဖြစ်တယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံတကာခေါင်းဆောင်တွေ သင်ကြားပို့ချတဲ့ နေရာလည်းဖြစ်တယ်။
Tufts University ဟာ နိုင်ငံတကာဆက်ဆံရေးမှာ ထင်ရှားကျော်ကြားတဲ့ ကျောင်းဖြစ်တယ်။
ဒါ့ကြောင့်လည်း ဟားဗတ်တက္ကသိုလ်၊ ယေးလ်တက္ကသုလ်၊ ဘရောင်းတက္ကသိုလ်အပါအဝင် နိုင်ငံတကာမှာရှိတဲ့ နာမည်ကြီးတက္ကသိုလ်တွေက Law and Diplomacy ဘာသာရပ်တွေ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တွေကို Tufts University နဲ့ ပေါင်းပြီး Joint Degree အဖြစ် ပေးလေ့ရှိတယ်။
Tufts University နဲ့ နိုင်ငံတကာနာမည်ကြီးတက္ကသိုလ်တွေဆီက ဘွဲ့ကို တပြိုင်တည်းရမဲ့ ဗျူဟာဖြစ်သလို၊ အဆက်အသွယ်ပေါင်းစုံလည်း အများကြီးရသွားပါလိမ့်မယ်။
တက္ကသိုလ်တွေကို နည်းဗျူဟာကျကျ ဝင်ရောက်နိုင်ကြပါစေ။
အောင်မိုးဝင်း
http://kabarthit.com/index.php?option=com_content&view=article&id=487%3A2014-10-12-15-51-24&catid=25%3A2014-02-19-18-57-20&Itemid=240