မနီလာ ၊ ၁၃-၇-၂ဝ၁၅
ဖိလစ်ပိုင်နိုင်ငံ၏ အကြီးဆုံး သူပုန်အဖွဲ့ ဖြစ်သော မိုရိုအစ္စလာမ်မစ် လွတ်မြောက်ရေး တပ်ဦး Moro Islamic Liberation Front - MILF သည် အစိုးရနှင့် ငြိမ်းချမ်းရေး သဘော တူညီချက် ရရှိထား သော်လည်း မင်ဒါနာအိုကျွန်း အလယ်ပိုင်းရှိ လျှို့ဝှက် နေရာများတွင် လက်နက် ထုတ်လုပ်ရေး စက်ရုံများ ပိုင်ဆိုင် ထားကြောင်း ပြောဆို နေမှုများကို ဖိလစ်ပိုင် စစ်ဘက်က ငြင်းပယ် ခဲ့ကြောင်း Newsnow သတင်းတစ်ရပ် အရ သိရသည်။
ဖိလစ်ပိုင် စစ်ဘက်သည် ထိုကဲ့သို့ ပြောဆိုနေမှု များကို အတည်ပြု နိုင်ရန် စစ်ဆေး ခဲ့ကြောင်း ၊ မြေပြင်တပ်ဖွဲ့ များကလည်း လက်နက် ထုတ်လုပ်ရေး စက်ရုံများ မရှိကြောင်း ကို သက်သေပြ နိုင်ခဲ့ကြောင်းနှင့် ထိုကဲ့သို့ တရားမဝင် စွပ်စွဲမှု များသည် မှန်ကန်မှု မရှိကြောင်း မက်ဂွင်ဒါနာအို ပြည်နယ် အခြေစိုက် အမှတ်(၆) ခြေလျင် တပ်မမှူး ဗိုလ်ချုပ် အဒ်မွန်ဒို ပန်ဂီလီနန် က ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
MILF အဖွဲ့က ပယ်ဖျက်ခဲ့သည့် လက်နက် အချို့သည် ၄င်းအဖွဲ့တွင် ကိုယ်ပိုင်လက်နက် ထုတ်လုပ်ရေး စက်ရုံရှိသည် ဆိုသည့် ခိုင်မာသော သက်သေ အထောက်အထားများ ဖြစ်ကြောင်း ဖိလစ်ပိုင် အထက်လွှတ်တော် အမတ် ဖာဒီနန် ဘန်ဘောင်း မားကော့စ်ဂျူနီယာ က အခိုင်အမာ ပြောကြားခဲ့ခြင်း ဖြစ်သည်။
MILF အဖွဲ့သည် စွမ်းအားမြင့် လက်နက်များနှင့် ဖောက်ခွဲရေး ပစ္စည်းများ တရားမဝင် ထုတ်လုပ်လျက် ရှိသည့် လက်နက် ထုတ်လုပ်ရေး စက်ရုံတစ်ရုံနှင့် ပတ်သက်၍ သတင်းထွက် နေမှုများကို လာရောက် ရှင်းလင်းရန် အတွက် အထက်လွှတ်တော် အမတ်တစ်ဦး ဖြစ်သည့် ဖရန်စစ် အက်စ်ကျူဒီရို ကလည်း ဇွန်လအတွင်း က တိုက်တွန်း ပြောကြား ခဲ့သည်။
ဖိလစ်ပိုင် အစိုးရနှင့် ပြုလုပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်း အဖြစ် MILF အဖွဲ့က ချေမှုန်းရေး ရိုင်ဖယ် ၇၅ လက်ကို လွှဲပြောင်း ပေးအပ်ခဲ့သည့် အပြင် အရပ်သား ဘ၀သို့ ပြောင်းလဲရန် သူပုန် ၁၄၅ ဦး နုတ်ထွက် ခဲ့ပြီးနောက် ရက်သတ္တ တစ်ပတ်ခန့် အကြာတွင် အက်စ်ကျူဒီရို က ပြောကြား ခဲ့ခြင်း ဖြစ်သည်။
#PyiChitThar