Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

နံပါတ်တုတ်ကိုင် အဖွဲ့ အရွှေ့ ဘာ လဲ ၊ ဘယ် လဲ

$
0
0

ကျော်ဝေမင်း

             တောင်ကြီးမြို့က နံပါတ်တုတ် ကိုင်ပြီး လှုပ်ရှားနေကြတဲ့ အဖွဲ့ကို ယခုလဆန်းပိုင်းမှာ တရားဝင် အသင်းဖြစ်ဖို့ အမျိုးသားရေး အင်အားစု အမည်နဲ့ ပြည်ထဲရေး ၀န်ကြီးဌာနကို တင်ပြထားတယ်လို့ အဆိုပါ အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးသန်းရွှေက ပြောပါတယ်။

           အမျိုးသားရေး အင်အားစု အမည်နဲ့ ပရဟိတ အသင်းအဖြစ် ပြည်သူတွေရဲ့အကြားမှာ ထဲထဲ ၀င်ဝင် လုပ်ဖို့အတွက်နဲ့၊ အဖွဲ့ထဲမှာ ၀င်ရောက်ပြီး ပြည်သူ့ အကျိုးကို လုပ်ကိုင်နေတဲ့ အဖွဲ့ဝင်တွေ စိတ်ဓာတ် မကျစေဘဲ စိတ်သန့်သန့်နဲ့ လုပ်ဆောင်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး ခွင့်ပြုမိန့် တင်ခဲ့တာလို့ ဦးသန်းရွှေက ဆိုလာပါတယ်။

            နံပါတုတ်နဲ့ စကားပြောစက် ခါးချိတ်ပြီး ပြောက်ကျားဝတ်စုံ ဆင်တူ ၀တ်ဆင် ထားတာကို အများ ပြည်သူကြား ထိတ်လန့်စရာ အဖွဲ့ တစ်ခုအနေနဲ့ ရှုမြင်ခဲ့သူတွေလည်း ရှိပါတယ်။ မြန်မာပြည်မှာ စွမ်းအားရှင်လို အဖွဲ့မျိုးဟာ လူထုကြားမှာ ကောင်းသတင်းနဲ့ ကျော်ကြားခဲ့ခြင်း မရှိသလို၊ ပြည်သူလူထု မနှစ်သက်တဲ့ အဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ အမြင်မှာ ဒီအဖွဲ့ဟာ နောက်ထပ် ဖွဲ့စည်းလိုက်တဲ့ စွမ်းအားရှင် လက်သစ်တွေလား ဆိုတဲ့ မေးခွန်း ထုတ်စရာတွေနဲ့ အတူ သံသယတွေ ရှိနေကြပါတယ်။

             ဒီအဖွဲ့ဟာ ၂၀၁၃ ခုနှစ်လောက်မှာ တောင်ကြီးမြို့ အနီးတစ်ဝိုက်က ဒေသခံ ပြည်သူတွေ အကြားမှာ လုံခြုံရေး ဆိုင်ရာ ကိစ္စတွေကို ရဲတပ်ဖွဲ့တွေနဲ့ အတူ ဆောင်ရွက်ခဲ့တာ မျိုးတွေလည်း ရှိခဲ့ပါတယ်။ ဒီအဖွဲ့ကို ဒေသခံတွေ အပြင်၊ လူမူရေး လုပ်ငန်း လုပ်ကိုင် နေသူတွေနဲ့ နိုင်ငံရေး ပါတီတွေကပါ သတိကြီးကြီးထားပြီး စောင့်ကြည့် နေရပါတယ်။

            ““ဘယ်သူက တာဝန်ယူမှာလဲ၊ ဒီအဖွဲ့ကို၊ ဒါတွေက ဘယ်သူက ဦးဆောင် ဖွဲ့ခဲ့တာလဲ။ ဒါတွေကို မသိရဘဲနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်နေကြတယ်။ လက်ထဲမှာလည်း နံပါတ်တုတ်တွေနဲ့လေ။ ဒီကိစ္စကို ရဲမှူးတွေနဲ့ တာဝန် ရှိသူတွေကို မေးကြည့်တော့ သူတို့နဲ့ မသက်ဆိုင်ပါဘူးလို့ ဖြေထားတယ်။ ဒါဆို ဘယ်သူ့မှာ တာဝန် ရှိတာလဲ။ အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ဒီအဖွဲ့ကို ကန့်ကွက်ရတာပါ”” ဟု တောင်ကြီးခရိုင် NLD ပါတီဥက္ကဋ္ဌ ဦးတင်မောင်တိုးက ဒီအဖွဲ့နဲ့ ပတ်သက်ပြီး ပြောဆို မှတ်ချက် ပေးခဲ့ဖူးပါတယ်။

            တောင်ကြီးမြို့ရဲ့ ပျော်ပွဲရွှင်ပွဲတွေ၊ ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်တွေမှာ၊ လုံခြုံရေး ဆိုင်ရာ ကိစ္စတွေမှာ ရဲတပ်ဖွဲ့က အကူအညီ တောင်းခံလို့ လုပ်ရတယ် ဆိုပေမယ့် ဒေသခံတွေရဲ့ အမြင်မှာတော့ နံပါတ် တုတ်ကိုင်အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို မနှစ်မြို့ခဲ့လို့ နိုင်ငံတော် သမ္မတ၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်၊ တရား ဥပဒေ စိုးမိုးရေနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ စတာတွေ အထိ စာတင်ပြီး တိုင်ကြားခဲ့တာတွေ ရှိခဲ့ပါတယ်။

            ““ရဲက ရဲအလုပ် ရဲလုပ်တာပါ။သူတို့နဲ့ မဆိုင်ပါဘူး။ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာတော့ လိုအပ်တဲ့ အနေအထား တစ်ခုအရ အကူအညီ တောင်းခံတာမျိုးပဲ ရှိတာပါ။ ကျွန်တော်တို့ ဖွဲ့စည်း ပေးထားတာလည်း မဟုတ်ပါဘူး”” လို့ ရှမ်းပြည်နယ်ရဲမှူး ၀င်းမြင့်ထူးက ပြောပါတယ်။

            လက်နက်ကိုင် အဖွဲ့အနေနဲ့ လူမှုရေး လုပ်ငန်းတွေကို ကိုယ်စားပြုဖို့ လုပ်ဆောင် နေပေမယ့်လည်း ပါတီ တစ်ခုခုကို ကိုယ်စားပြုပြီး လွတ်လပ်စွာ ဆန္ဒမဲပေးမယ့် ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့်ကို တစ်နည်းနည်းနဲ့ ဖိအားပေး ခြိမ်းခြောက်မှာ၊ နံပါတ်တုတ်ကိုင် အဖွဲ့ ထောက်ခံတဲ့ ပါတီကို ရွေးကောက်ပွဲမှာ အနိုင်ရရှိရေး အတွက် တရားမ၀င် နည်းလမ်းတွေ နဲ့ အားထုတ် ဆောင်ရွက်မှာကို စိုးရိမ်နေသူတွေလည်း ရှိပါတယ်။

            ဒီအဖွဲ့အနေနဲ့ ဘယ်လို လူမှုရေး လုပ်ငန်းတွေကို လုပ်မှာလဲ။ ဒေသခံ ပြည်သူတွေကို ဘယ်လို အကျိုးပြုမယ် ဆိုတာ ရှင်းရှင်း လင်းလင်း ချပြဖို့တော့ လိုပါတယ်လို့ NLD ပါတီ အပါအ၀င် ဒေသခံတွေက ဆိုပါတယ်။

            ဒါ့အပြင် ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး ကိစ္စတွေမှာ ပါဝင်လာမှာကို နိုင်ငံရေး ပါတီတွေက စိုးရိမ်နေကြပြီး ကန့်ကွက်မှုတွေပါ ရှိနေပါတယ်။ ရွေးကောက်ပွဲမှာ တစ်နည်း မဟုတ် တစ်နည်းနဲ့ ပါဝင် ပတ်သက်နေမှာကို လုံးဝ မလိုလားပါဘူးလို့လည်း တောင်ကြီး အခြေစိုက် နိုင်ငံရေး ပါတီ အများစုက မှတ်ချက် ပေးပါတယ်။

            ““ပါတီချင်း နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေးတဲ့ ပွဲတချို့မှာ သူတို့အဖွဲ့တွေ တက်လာတာ တွေ့တယ်။ သူတို့ မဖိတ်တဲ့ ပွဲမျိုးတွေမှာလည်း တွေ့ရတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဒီဘက်က ပါတီတွေ ကတော့ ဒါကို ကန့်ကွက်တယ်”” ဟု တောင်ကြီးမြို့ လူ့ဘောင်သစ်ပါတီ အလုပ်အမှုဆောင် ကိုနေမျိုးက ပြောကြားခဲ့ပါတယ်။

            မတ်လ (၈) ရက်နေ့က ရန်ကုန် မြို့ မြို့တော် ခန်းမရှေ့မှာ ကျောင်းသားထု အကြမ်းဖက် မခံရဖို့ အတွက် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကျောင်းသား (၅၀) ကျော်ကို လက်ပတ်နီ ၀တ်ထားတဲ့ အရပ်သားတွေက ၀င်ရောက် ရိုက်နှက် ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံရေး တက်ကြွသူတွေ အနေနဲ့ ဒီလို အဖွဲ့မျိုးတွေများ နောက်ထပ် ရှိနေမလားဆိုတဲ့ အတွေးကလည်း ရှိနေတာ အမှန်ပါ။

            ““ရန်ကုန်မှာ  ဖြစ်တုန်းကလည်း တာဝန်ယူမှု မရှိခဲ့ဘူးလေ။ အခုလည်း ဒီမှာ ဒီလိုဖြစ်စဉ်မျိုး တွေဖြစ်ရင် ဒါကို ဘယ်သူ တာဝန်ယူမှာလဲ၊ ဒါကိုပဲ သိချင်တာပါ။ သူတို့ကို ဦးပဉ္ဇင်းတို့ အနေနဲ့ ကန့်ကွက်တာ မဟုတ်ဘူး”” ဟု တောင်ကြီးမြို့ အောင်မြေ ဘုံစံကျောင်းတိုက် ဦးဆောင် ဆရာတော် ဦးခေမာနန္ဒာက မိန့်ကြားထားပါတယ်။

            အဆိုပါ အဖွဲ့ကို စတင် ဖွဲ့စည်းစဉ်က ရှမ်းပြည်နယ် မဘသ အဖွဲ့က ဖွဲ့စည်း ပေးခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ဥက္ကဋ္ဌက ဆိုနေပေမယ့်လည်း၊ ရှမ်းပြည်နယ် မဘသအဖွဲ့က သူတို့နဲ့ ဒီနံပါတ်တုတ်ကိုင် အဖွဲ့ဟာ လုံးဝ သက်ဆိုင်မှု မရှိပါဘူးဆိုတဲ့ အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

            ““ဦးပဉ္ဇင်းတို့ ဦးဆောင်ပြီး ဖွဲ့ပေးခဲ့တာ လုံးဝ မဟုတ်ပါဘူး။ သူတို့ ဖွဲ့တုန်းကတော့ အဲဒီနေရာမှာ ရှိနေခဲ့တာပါ။ ပြီးတော့ သူတို့ လုပ်ဆောင်နေတဲ့ ကိစ္စတွေက မဘသရဲ့မူမှာ လုံးဝမရှိပါဘူး။ အဲဒီအတွက် ဦးပဉ္ဇင်းတို့ အနေနဲ့ ဒီကြေညာချက် မတိုင်မီမှာလည်း မသက်ဆိုင်ကြောင်း ထုတ်ပြန် ထားပြီးပါပြီ။ အခုက မဘသ ဗဟိုရဲ့ အစည်းအဝေး ပွဲရှိနေလို့ သူတို့ကို ထပ်သတိပေးရတာပါ”” ဟု ရှမ်းပြည်နယ် မဘသ အဖွဲ့ အတွင်းရေးမှူး ဆရာတော်က မိန့်ကြားထားပါတယ်။

            ဒီနံပါတ်တုတ်ကိုင် အဖွဲ့ရဲ့ အဖွဲ့ဝင် ကတ်ပြားမှာ သာသနာ့ အလံ သုံးစွဲမှုနဲ့ ပတ်သက် ပြီးတော့လည်း တောင်ကြီး အခြေစိုက် သံဃာတော် အများစုက ကန့်ကွက် ထားပါတယ်။ လုံခြုံရေးဆိုင်ရာ ကိစ္စတွေ လုပ်ဆောင်ရာမှာ သာသနာ့အလံ သုံးစွဲမှုကို သာသနာတော် အကြည်ညို ပျက်စေမှုနဲ့ တရားစွဲဖို့ အထိ ရှိခဲ့ပြန်ပါတယ်။ ဒါပေမဲ့ သူတို့ဘက်က ပြည်သူတွေ အကြားမှာ လှုပ်ရှားမှု မရှိတော့တာကြောင့် တရား မစွဲဖြစ်ခဲ့ပါဘူး။

            တရားဥပဒဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး အမည်နဲ့ အစတုန်းက တရားဝင် အသင်းအဖွဲ့ မဟုတ်ဘဲ လုပ်ကိုင်နေတဲ့ နံပါတ်တုတ်ကိုင် အဖွဲ့ကို မေလ နောက်ဆုံးပတ်လောက် မှာတော့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ဒေသခံ ပြည်သူတွေ အကြားမှာ နံပါတ်တုတ်ကိုင်ပြီး စကားပြောစက် ခါးချိတ်ခြင်းနဲ့ ပြောက်ကျားဝတ်စုံ ၀တ်ဆင်မှုတွေကို မပြုလုပ်ဖို့ ခေါ်ယူ သတိပေးပြီးတဲ့ နောက်ပိုင်း မှာတော့ အဆိုပါ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ နည်းပါး သွားခဲ့ပါတယ်။

            ““သူတို့အဖွဲ့ကို တရားဝင် ဖျက်သိမ်းဖို့ အထိ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ဒါပေမဲ့ အခုသူတို့က တရားဝင် ဖွဲ့တော့မယ် ဆိုတော့ ကျွန်တော်တို့ အနေနဲ့ ပြောစရာ မရှိပါဘူး။ တာဝန်ယူမယ့်သူ ရှိပြီလေ။ အဲဒါဆို ကျွန်တော်တို့ အချိန်ကုန်ခံပြီး စောင့်ကြည့်စရာ မလိုတော့ဘူး။ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့။ ပရဟိတ အမည်ခံပြီး တခြား မဆိုင်တဲ့ ကိစ္စတွေ လိုက်လုပ်နေရင်တော့ မရဘူးပေါ့”” ဟု တောင်ကြီးခရိုင် NLD ပါတီဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောပါတယ်။

            ““ကျွန်တော်တို့ အနေနဲ့ ဒေသခံ ပြည်သူတွေ လိုအပ်ချက်ကို ကြည့်ပြီး ကူညီမှုတွေကိုပဲ လုပ်ဆောင်နေတာပါ။ ဟိုတလောကဆို ဒေသခံတွေနဲ့ အငြင်းပွားမှု ဖြစ်နေတဲ့ ကိစ္စတွေမှာ ကျွန်တော်တို့ အနေနဲ့ ကြားဝင် ဖြေရှင်း ပေးတာမျိုးပေါ့။ ညှိနှိုင်း ဆောင်ရွက်တာပဲ လုပ်ပေးနိုင်တာပေါ့။ ကျွန်တော်တို့ အနေနဲ့ကလည်း”” ဟု အဆိုပါ အမျိုးသားရေး အင်အားစု အမည်နဲ့ တရားဝင် စာတင်ထားတဲ့ အဖွဲ့ဥက္ကဋ္ဌ ဦးသန်းရွှေက ပြောပါတယ်။

            နဂိုကလို နံပါတ် တုတ်ကိုင်ခြင်း၊ စကားပြောစက် ချိတ်ဆွဲခြင်းနဲ့ ပြောက်ကျားဝတ်စုံ ၀တ်ဆင်ခြင်းတွေကို တာဝန်ရှိသူ အနေနဲ့ ခွင့်မပြုပါက အသုံးပြုတော့မည် မဟုတ်ဘဲ ခွင့်ပြုမှသာ အသုံးပြုမယ်လို့ ဆိုလာပြန်ပါတယ်။

            အင်အား (၁၀၀၀) ကျော်ခန့် အထိ ရှိနေတဲ့ နံပါတ် တုတ်ကိုင် အဖွဲ့ကို တရားဝင် အသင်းအနေနဲ့ ခွင့်ပြု လာခဲ့ရင်လည်း ဒီအသင်းက ဘာတွေ လုပ်ဆောင်မှာလဲ၊ ပြည်သူတွေရဲ့ အကြားမှာ အမှန်တကယ်ပဲ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေကို လုပ်ကိုင်မှာလား ဆိုတာကတော့ တောင်ကြီး ဒေသခံတွေ အကြား တွေးစရာ တစ်ခုအဖြစ် ရှိနေမှာပါ….။
http://www.messengernewsjournal.com/news/Article/detail.php?id=40655

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...