အာဖရိကမှ ခိုးဝင်လာသည့် ဒုက္ခသည်များကို နေရာချပေးရန် ကြိုးစားရာတွင် အီတလီ အာဏာပိုင်များနှင့် ဒေသခံများကြား တင်းမာမှုများ ရှိနေကြောင်း သိရသည်။
မြေထဲပင်လယ်ကို ဖြတ်ကျော်ကာ အီတလီ ကမ်းခြေသို့ ဆိုက်ရောက်လာသည့် ရွှေ့ပြောင်း အခြေချ နေထိုင်သူများကို အီတလီနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ ခွဲဝေလက်ခံ တာဝန်ယူရန် သဘောတူထားသည်။ သို့သော်လည်း အီတလီရှိ အချို့သော မြို့များတွင် အဆိုပါ ဒုက္ခသည်များကို မိမိတို့ အသိုက်အဝန်း အတွင်း၌ လက်ခံရန် ဒေသခံများက ငြင်းဆိုလျက် ရှိသည်။
အီတလီ မြောက်ပိုင်းရှိ ကွင်တိုတွင် လူမနေသည့် တိုက်ခန်းအလွတ်များ၌ ရွှေ့ပြောင်း ဒုက္ခသည်များကို အခြေချ ထားရှိမှုအပေါ် ဒေသခံများက ဒေါသထွက်ပြီး ကန့်ကွက်ခဲ့ကြသည်။ ၎င်းတို့သည် တိုက်ခန်းများအတွင်း ဝင်ရောက်ကာ ရွှေ့ပြောင်း ဒုက္ခသည်များ၏ ပစ္စည်းများကို ဆွဲထုတ်ယူပြီး အပြင်ဘက် လမ်းပေါ်သို့ သွားရောက်စုပုံ လွှင့်ပစ်ကြသည်။ ထို့အပြင် ရွက်ဖျင်တဲများ ထိုးထားပြီး ယင်းနေရာကို ပိတ်ဆို့ကာ အခြေအနေကို အပြီးသတ် မရှင်းလင်းနိုင်မချင်း ထွက်ခွာသွားမည် မဟုတ်ဟု ပြောကြားထားကြသည်။
“ဒီလို လုပ်ရတာ စိတ်တော့ မကောင်းဘူး။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ကလေးတွေကို ဒုက္ခသည် စခန်းနေရာတစ်ခုမှာ နေထိုင်ခွင့်ရဖို့ နောက်ထပ် ၂၈ နှစ်လောက် အခွန်ဆောင်မနေနိုင်ဘူး”ဟု အမျိုးသမီး တစ်ဦးက ဆိုသည်။
ရောမမြို့တော် အနီးရှိ ကာဆေးလ်ဆန်နစ်ကိုလာတွင်လည်း ရွှေ့ပြောင်း ဒုက္ခသည်များကို တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးကို လူအများက မြို့ထဲ ဝင်ခွင့်မပေးဘဲ ဟန့်တားခဲ့ကြကြောင်း သိရသည်။ အဆိုပါ မြို့ခံများထဲမှ အချို့သည် ဖက်ဆစ်ပုံစံ အလေးပြုသည့် အမူအယာများ ပြသခဲ့ကြသည်။ ယင်းဖြစ်ရပ်တွင် အတန်ငယ် အဓိကရုဏ်း ဖြစ်ခဲ့ပြီး ရဲအရာရှိ ၁၄ ဦး အသေးစား ဒဏ်ရာများ ရခဲ့သလို လူ ၂ ဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်းခဲ့ရသည်။
အီတလီ အစိုးရသည် အရှေ့အလယ်ပိုင်းနှင့် အာဖရိက မြောက်ပိုင်း ဒေသများမှ ရွှေ့ပြောင်း ဒုက္ခသည်များ နိုင်ငံအတွင်း ခိုးဝင်လာသည့် ဖြစ်ရပ်များကို တားဆီးရန် ကြိုးစားသော်လည်း အကြီးအကျယ် ရုန်းကန်နေရသည်။ အစိုးရ အနေဖြင့် နိုင်ငံအတွင်း ဒေသအချို့တွင် ဒုက္ခသည် စခန်းများ ဖြန့်ကျက်တည်ဆောက်ရန် သဘောတူညီထားသော်လည်း ဒေသခံများ၏ ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။
_Ref: Euronews