အတွဲ (၁၄)၊ အမှတ် (၂၁)
တမာတကောကျေးရွာမှ မိသားစုတစ်စု သင်္ကန်းချုပ်ရန် ပြင်ဆင်စဉ်/ဓာတ်ပုံ − နစ်ကီ
ကွန်ကရစ် ခင်းထားသည့် လမ်းလေးအတိုင်း တဖြည်းဖြည်း လမ်းလျှောက်ဝင်လာပါက အိမ်ရှေ့လမ်းမပေါ်တွင် ထွက်ထိုင်နေသူများနှင့် စူးစမ်းသည့်အကြည့်များကို မတွေ့ရဘဲ ဆိုင်ကယ်တစ်စီး၊ နှစ်စီးသာ သွားလာနေသည်ကို တွေ့ရသည်။
ရွာထဲသို့ဝင်လိုက်ပါက တဂျိမ်းဂျိမ်းနှင့် စက်ချုပ်သံများကသာ ဖက်လဲတကင်း ကြိုဆိုနေသည်။ စက်မှုရွာ အသေးစားလေးကဲ့သို့ ဖြစ်နေသည်။ အိမ်အတွင်း ၀င်ကြည့်ပါက အိမ်ထဲတွင် အပ်ချုပ် စက်တစ်လုံးဖြင့် အလုပ်လုပ်နေ သည့် မိသားစုဝင်များကို တွေ့ရ လိမ့်မည်။
ရွာသူရွာသားများမှာ ပတ်ဝန်းကျင်နှင့် ကင်းကွာပြီး အလုပ်များကိုသာ သဲသဲမဲမဲလုပ်ကိုင်နေ ကြသည်။ ကလေးအစ လူကြီးအ ဆုံး အပ်ချုပ်စက်အပေါ်မှာသာ အာရုံထားပြီး တကုပ်ကုပ်နှင့် စက် ချုပ်နေကြသည်။
ထိုရွာလေးက ရန်ကုန်မြို့အနီး လှိုင်သာယာမှ ကားဖြင့်သွားလျှင် မိနစ်အနည်းငယ်သာ သွားရ သည်။ ပန်းလှိုင်တံတားကိုဖြတ်ကာ ရန်ကုန်-တွံတေး ကားလမ်း မပေါ်မှာရှိသည့် တွံတေးမြို့နယ် ထဲက ရွာလုံးကျွတ် သင်္ကန်းချုပ် သည့် တမာတကောကျေးရွာလေး ပင်ဖြစ်သည်။ ရွာတွင် အိမ်ခြေ ၁၂၀ ခန့်ရှိပြီး လူဦးရေ ၈၀၀ ကျော်ရှိသည်။
ကျေးလက်ရှုခင်းများဖြစ် သော လယ်ကွင်းပြင်များ ရှိသော် လည်း နွားများ၊ ကောက်ရိုးပုံများ၊ နွားလှည်းများကိုမူ မတွေ့ရပေ။ တစ်ရွာလုံး သင်္ကန်းချုပ်သည့် လုပ် ငန်းကို အဓိကလုပ်ငန်းအဖြစ်လုပ်ကိုင်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ တိုင်ခဲ့ပြီဖြစ်သည်။
ရွာရှိအိမ်အများစုမှာ နှစ်ထပ် တိုက်အိမ်များနှင့် အုတ်ခံပျဉ်စီ ဆောက်လုပ်ထားသည့် အိမ်ကောင်းများသည်။ ဓနိမိုး ၀ါးထရံ ကာထားသည့် အိမ်များမှာ တစ် အိမ်စ နှစ်အိမ်စခန့်သာရှိသည်။ ရွာက အိမ်ခြေတစ်ရာခန့်ရှိသည် ဟု ရွာသူရွာသားတွေက ပြော သည်။
သင်္ကန်းချုပ်လုပ်ငန်းကြောင့် ရွာလုံးကျွတ် စီးပွားရေးပြေလည် နေသည့် ရွာလေးသည် ပြီးခဲ့သည့် ဇွန်လက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် အ တည်ပြုခဲ့သည့် ရန်ကုန်မြို့သစ် စီ မံကိန်းဧရိယာတွင် ပါဝင်နေခြင်း ကြောင့် ရွာသူရွာသားများ၏ စိတ်ကို ချောက်ချားစေသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ခန့်ကတည်းက တောသူတောင်သားသဘာဝလယ်ယာလုပ်ငန်းများကို လုပ်ကိုင်လာကြသော်လည်း ရွာမှ လူတစ်ဦးစနှစ်ဦးစက ရန်ကုန်မြို့ပေါ်ရှိ သင်္ကန်းတိုက်များတွင် သင်္ကန်းချုပ်သည့် စက်ချုပ်သမ လေးများအဖြစ် လုပ်ကိုင်နေခဲ့ကြ သည်။မြို့ပေါ်တွင် ချုပ်နေသည့် လူ များ၏ အဆက်အသွယ်ဖြင့် ရွာ တွင် သင်္ကန်းများကို တဖြည်းဖြည်း ချုပ်လာကြသည်။ ယခုအခါ ရွာ ရှိ အိမ်တိုင်းတွင် အပ်ချုပ်စက် အ နည်းဆုံးနှစ်လုံးခန့်ရှိပြီး သင်္ကန်း ချုပ်လုပ်ငန်းကို အဓိကစီးပွားရေးအဖြစ်လုပ်ကိုင်ကြသည်။ အိမ်၏ မည်သည့်နေရာကို ကြည့်ကြည့် သင်္ကန်းပိတ်စများက လက်ညှိုး ထိုးမလွဲတွေ့ရသည်။
ရွာမှ အမျိုးသား၊ အမျိုးသမီး အရွယ်စုံသည်။ အသက် (၁၃) နှစ် အရွယ် စက်ခုံကို ခြေထောက်မမီ့ တမီအရွယ်မှစပြီး စက်ချုပ်ခဲ့ကြသည်ဟု အသက် (၈၈) နှစ်အရွယ် အဘွားဒေါ်စောရီက ပြောသည်။ အ ဘွားဒေါ်စောရီကိုယ်တိုင်လည်း အသက်(၁၃)နှစ်အရွယ်မှ စတင် စက်ချုပ်ခဲ့ခြင်းဖြစ်သည်။
‘‘စချုပ်တုန်းကဆို ပိတ်ဖြူ တွေကို သင်္ကန်းအရောင်ဆိုးပြီး ချုပ်ရတာ။ အခုက ပိတ်အလိပ်လိုက်ယူပြီး ချုပ်ရတာဆိုတော့ အများကြီးသက်သာသွားပြီ’’ဟု အဘွား ဒေါ်စောရီက လုပ်ရကိုင်ရသက်သာပုံကိုပြောသည်။
စချုပ်သည့်အချိန်က ၀ါတွင်း ကာလဖြစ်သော သီတင်းကျွတ်၊ တန်ဆောင်တိုင်နှင့် ရှင်ပြုကာလများ ကုန်ဆုံးပါက သင်္ကန်းချုပ်အ မှာရရန် ခက်ခဲလွန်းသဖြင့် လယ် လုပ်ငန်းများတွင် ကောက်စိုက်၊ပျိုး နုတ်သည့်လုပ်ငန်းများတွင် လုပ် ကိုင်ခဲ့ရကြောင်း ပြောသည်။
‘‘အဘွားတို့တုန်းက သင်္ကန်း ချုပ်ပြတ်ရင် ကောက်စိုက်ပျိုးနုတ် လုပ်ရသေးတယ်။ အခု ယားတာတောင် ထုံးနဲ့တို့မှတ်ထားရတယ်။ အခုလူတွေ ကောက်စိုက်ပျိုးနုတ်လည်း မတတ်တော့ဘူး’’ဟု အ ဘွား ဒေါ်စောရီက သင်္ကန်းချုပ် လုပ်ငန်းမနားရကြောင်း ဂုဏ်ယူ စွာဖြင့်ပြောသည်။
သင်္ကန်းချုပ် အော်ဒါများ အား ရန်ကုန်မြို့ပေါ်ရှိ သင်္ကန်း တိုက်များက မှာကြခြင်းဖြစ်သည်။ လက်ရှိ နာမည်ကြီးသင်္ကန်းတိုက် များနှင့် နာမည်အလယ်အလတ် သင်္ကန်းတိုက်တိုင်းအတွက် အော် ဒါချုပ်ပေးရကြောင်း ပြောသည်။ ယခင်က စပေါ်ငွေပေးသွင်းပြီးချုပ် ရသော်လည်း ယခုစပေါ်ငွေသွင်း ရန် မလိုတော့။ သင်္ကန်းတိုက်များ နှင့် ရွာအကြား ယုံကြည်မှုတည် ဆောက်ပြီးသွားသောကြောင့်ဖြစ် ၏။
ရန်ကုန်သင်္ကန်းတိုက်များက သင်္ကန်းပိတ်စများကို အော်ဒါ လက်ခံသည့်အိမ်များမှ သွားယူ သည်။ ရွာသူရွာသားများကို ချုပ်ထည်ပြန်ခွဲပေးသည်ဟု သင်္ကန်း တိုက်များမှ အော်ဒါယူပြီး တစ် ဆင့်ပြန်ချုပ်ခိုင်းသော လုပ်ငန်း လုပ်နေသူ ဒေါ်အေးမြကြည်က ပြောသည်။
သင်္ကန်းစချုပ်သော အချိန် တွင် ပန်းလှိုင်မြစ်ကူးတံတားမထိုး ရသေးသည့်အတွက် အော်ဒါအပို့ အယူအတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့သည်။ ‘‘ရန်ကုန် ဘက်ခြမ်းကိုကူးဖို့ မနက် ၃ နာရီ လောက်ကတည်းက မြစ်ဆိပ်မှာ အထုပ်ပိုက်ပြီး စောင့်ခဲ့ရတယ်။ အခုကတော့ အရင်ကထက်အများ ကြီးသက်သာသွားပါပြီ’’ဟု ဒေါ် အေးမြကြည်ကဆိုသည်။
ပန်းလှိုင်တံတား ထိုးပြီး နောက် သွားလာရေးလွယ်ကူလာ ပြီး ရွာတွင်ကားများရှိလာသည့်အ တွက် ပိုမိုအဆင်ပြေလာပြီဖြစ် သည်။
သင်္ကန်းချုပ်ခမှာ ပိတ်အမျိုးအစားအလိုက် ဈေးကွာပြီး သင်္ကန်းတစ်စုံချုပ်ပါက အနိမ့်ဆုံး တစ်ထောင်ကျပ်မှ ရှစ်ထောင်ကျပ်အထိရသည်။
သင်္ကန်းချုပ်ကျွမ်းကျင်ပါက တစ်ရက် သင်္ကန်းငါးစုံခန့်ချုပ်၍ပြီး သည်။ ချုပ်သက်အနည်းဆုံးလေးလခန့်ရှိသူများမှာ နှစ်စုံခန့်ချုပ်နိုင် ကြောင်း ရွာသူရွာသားများကပြော သည်။
ထို့ကြောင့် မိသားစုဝင် ခြောက်ဦးရှိပြီး တစ်မိသားစုလုံး စက်ချုပ်သော အိမ်သည် အိမ်တစ်အိမ်တွင် တစ်ရက်လျှင် ၀င်ငွေကျပ်နှစ်သောင်းခန့် ရရှိသည်ဟုသင်္ကန်းချုပ်သည့် အသက်(၅၀)အရွယ် ဦးတင်ဌေးကပြောသည်။
ယခင်က ရွာတွင် လျှပ်စစ်မီး မရပေ။ လျှပ်စစ်မီး ၂၄ နာရီအ ပြည့်ရသည်မှာ တစ်လခန့်ကြာပြီ ဟု ရွာသူရွာသားများက ပြော သည်။ လျှပ်စစ်မီးရသဖြင့် မော် တာအပ်ချုပ်စက်ဖြင့် ချုပ်လုပ်နိုင် ၍လုပ်ငန်းပိုမိုမြန်ဆန်လာကြောင်း ပြောသည်။
မော်တာစက်များ အသုံးပြု လာ၍ တစ်လတွင် ပျမ်းမျှမီတာခ နှစ်သောင်းကျော် ဆောင်ရသည် ဟု ရွာသူရွာသားများကပြောသည်။ လျှပ်စစ်မီးရရှိရန်အစိုးရက စီစဉ် ပေးထားခြင်းဖြစ်သည်။
ယင်းကဲ့သို့ မီတာခဆောင် နေရသော်လည်း တစ်ရက်လျှင် ပုံ မှန် တစ်သောင်းကျော် ၀င်ငွေရှိ သည့် မိသားစုများမှာ နှစ်သောင်း ကျပ်အထိ ၀င်ငွေမြင့်မားလာသည် ဟု ပြောသည်။ တစ်လစာ အိမ်အ သုံးစရိတ်များ နုတ်ပြီးပါက ကျပ် သုံးသိန်းခန့် အသားတင်စုမိသည် ဟု မိသားစုအားလုံးစက်ချုပ်သည့် အိမ်မှ ဦးတင်ဌေးကပြောသည်။
ယခုကဲ့သို့ ၀င်ငွေတိုးလာရန် ဂျပန်နိုင်ငံလုပ် မော်တာစက်တစ် လုံးလျှင် ငွေနှစ်သိန်းကျပ်ခန့်ရင်းကာ ၀ယ်ယူလိုက်ရသည်။ မော်တာစက် အရင်းမစိုက်နိုင်သေးသူ အချို့မှာလည်း ခြေနင်းစက်များဖြင့် ချုပ်နေကြဆဲဖြစ်သည်။
‘‘မချမ်းသာရင်တောင် မိ သားစုအားလုံး လူတန်းစေ့နေနိုင်တယ်။ လယ်အလုပ်လို အရှုံးမရှိဘူး။ ဒီနေ့ချုပ်ပြီးတဲ့ သင်္ကန်းတွေ က သေချာပေါက်ဝင်ငွေဖြစ်သွား ပြီ’’ဟု ဦးတင်ဌေးက စက်ချုပ်သည့် လုပ်ငန်းနှင့်ပတ်သက်၍ ပြောသည်။
ယခုအခါ သင်္ကန်းချုပ်အော် ဒါမှာ တစ်နှစ်ပတ်လုံးရှိနေခြင်းကြောင့် ပွဲလမ်းသဘင်၊ အလှူအ တန်းမရှိလျှင် အိမ်ပြင်ပသို့ မထွက်ဖြစ်တော့ကြောင်း ရွာသူရွာသားများကပြောသည်။
သင်္ကန်းတိုက်များမှ တစ်ဆင့် ခံ ယူချုပ်ရင်း သင်္ကန်းတိုက် ထူ ထောင်နိုင်သည့် အခြေအနေသို့ ရောက်သွားသည့် မိသားစုများပင် ရှိလေသည်။
ရွာလုံးကျွတ်စုပေါင်းကာ အ လှူပွဲကြီးပေးသည့်အချိန်နှင့် မြန် မာပြည်အနှံ့ ဘုရားဖူးခရီးထွက် သည့်အချိန်သာ ရွာအတွင်း စည် ကားလေသည်။ နံနက်စောစော ဘုရားရှိခိုးပြီးသည့် အချိန်မှစကာ စက်ခုံပေါ်ထိုင်ကာ စက်ချုပ်သည်။ ထမင်းစားသည့်အချိန်နှင့် ရေချိုး သည့်အချိန် ခဏနားပြီး တစ်နေ့ ကုန်စက်ချုပ်သည်ဟု အသက်(၅၀) ကျော်အရွယ် ဒေါ်အေးမြကြည်က သင်္ကန်းချုပ်လုပ်ငန်းမှာပဲ စိတ်နှစ် ထားသည့်အကြောင်း ရှင်းလင်း ပြောသည်။
‘‘အိမ်က သမီးတွေက အ သက်(၂၀) ကျော်နေပြီ။ အပြင် ထွက်တာလည်းမရှိတော့ အပျို ကြီးတွေဖြစ်တော့မယ်။ ဘုရားဖူး ထွက်တာကလွဲလို့ ဘယ်မှလည်း မသွားဖြစ်ဘူး’’ဟု တစ်မိသားစုလုံး သင်္ကန်းချုပ်လုပ်ငန်းလုပ်ပြီး ရွှေဆွဲကြိုးကြီးဆွဲထားသည့် မိခင်ဒေါ်နုနုဝေက သမီးများ၏ အိမ်ထောင် ရေးကို ဟာသလုပ် ပြောလေ သည်။
ရွာလေးမှာ စီးပွားရေးပြေ လည်၍ အိမ်တိုင်းလိုလိုတွင် ရေ ခဲသေတ္တာ၊ LED TV နှင့် ခေတ်မီ အိမ်အသုံးပစ္စည်းများကို သုံးစွဲနေ ကြသော်လည်း ကလေးအချို့မှာ စာသင်ကျောင်းကို ကျောခိုင်း၍ အိမ်အလုပ်ကို ၀ိုင်းကူနေကြသည် ကိုလည်း တွေ့ရသည်။
‘‘သမီးခြောက်တန်းနဲ့ကျောင်း ထွက်လိုက်တာ။ သင်္ကန်းချုပ်တာ က သုံးလလောက်ရှိပြီ။ တစ်ရက် ကို နှစ်ထောင်လောက်ရတယ်။ ဖေကြီးက ကျောင်းဆက်မထား တော့ဘူး။ ဒါကြောင့်စက်ချုပ်တာ’’ ဟု ရွှေနားကပ်၊ ဆွဲကြိုးနှင့် လက် စွပ်တို့ ၀တ်ဆင်ထားသည့် အ သက် (၁၄)နှစ်အရွယ် မိန်းကလေး တစ်ဦးက သင်္ကန်းချုပ်ရင်း ပြောပါ သည်။
ပညာရေးအတွက် ပြောစဉ် သူ့မျက်လုံးတွင် မျက်ရည်များ ဝေ့ ၀ဲလာသည်ကိုလည်း တွေ့ရ သည်။
ထိုကဲ့သို့ ကလေးအရွယ်အ ပိုင်းအခြားမရှိဘဲ ၀င်ငွေရလမ်း သေချာသည့် သင်္ကန်းချုပ်လုပ်ငန်းကြောင့် ရွာရှိ ကလေးများမှာ အတန်းပညာ ကျောင်းနှင့်ဝေးကာ အပ်ချုပ်စက်များနှင့်သာ နီးခဲ့ရလေသည်။
ရန်ကုန်မြို့နှင့် မိုင်အနည်း သာ အလှမ်းဝေးသည့်ရွာလေးဖြစ် သော်လည်း မူလတန်းကျောင်းသာ ရှိသည်။ အလယ်တန်းကျောင်း တက်လျှင် ဆိုင်ကယ်နှင့် ၁၅ မိနစ် ခန့်သွားရသည့် ထိန်ကုန်းရွာသို့ သွားတက်ရလေသည်။
ယခုနောက်ပိုင်း တမာတ ကောရွာတွင် သင်္ကန်းချုပ်လုပ်ငန်း ကိုသာ အဓိကလုပ်ကိုင်သဖြင့် လယ်ယာမြေများကို တဖြည်းဖြည်း ရောင်းချလာကြသည်။ ရန်ကုန်မြို့ သစ်စီမံကိန်းများကြောင့် လယ် တစ်ဧကလျှင် အနည်းဆုံး ကျပ် သိန်း ၃၀၀ ရ၍ လယ်များရောင်း ကာ သိန်း ၉၀၀ တန် တိုက်အိမ် တစ်အိမ်ဆောက်သည့် မိသားစုပင်ရှိသည်။ သို့သော် ဒေသခံအ များစုမှာကား မြို့သစ်စီမံကိန်း ကြောင့် လက်ရှိအခြေအနေပျက်သွားမည်ကိုမူ စိုးရိမ်နေကြသည်။