ညောင်ဦး မေ ၁၉
ခရီးသွားကဏ္ဍတွင် ခရီးသွားဧည့်သည် ဝင်ရောက်မှု လျော့နည်းလာသဖြင့် မြန်မာ့ ယွန်းထည်၏ ရောင်းအားမှာ ယခင်နှစ် ကထက် လျော့ကျလာကြောင်း ယွန်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ ''ရောင်းအားက အရင်နှစ်တွေလောက် သိပ်မကောင်းပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့လုပ်ငန်းတွေ ဆက်လက်ရပ်တည် နိုင်အောင် ကြိုးပမ်းသွားမှာပါ''ဟု ပုဂံဒေသတွင် အခြေစိုက်ဖွင့်လှစ်ထားသည့် The Lotus Collection ယွန်းထည် လုပ်ငန်းမှ ဦးထင်အောင်ဇော်ကပြောသည်။
ယွန်းထည်လုပ်ငန်းသည် ခရီးသွားကဏ္ဍ ပေါ်မူတည်နေသဖြင့် ခရီးသွားကဏ္ဍတိုးတက် လာမှသာ ယွန်းထည်လုပ်ငန်းလည်း ဖွံ့ဖြိုး လာမည်ဖြစ်သည်။ ထို့ပြင် ယွန်းထည်လုပ် ငန်းများဖွံ့ဖြိုးလာစေရေးမှာ ခရီးသွား ကဏ္ဍ တစ်ခုတည်းသာမက တခြားသော SME ချေးငွေပိုင်းများ ရရှိလာပါကလည်း ပိုမို အဆင်ပြေ စေနိုင် မည်ဖြစ်ကြောင်း သိရသည်။
''ယွန်းထည်ဈေးကွက်က အရည်အသွေးနဲ့ ဆန်းသစ်မှုပေါ် မူတည်ပါတယ်။ ဒါပေမဲ့ ယွန်းထည်က ဒီဆိုင်တစ်ဆိုင် တည်းမဟုတ်ဘဲ တခြားယွန်းထည်ဆိုင်တွေလည်း ရှိပါတယ်။ သူတို့ကလည်း သူတို့ပစ္စည်း အရည်အသွေး ကောင်းအောင် လုပ်ပါတယ်။ ဒီနှစ်က နိုင်ငံခြား ခရီးသွားဧည့်သည် အဝင်နည်းပါတယ်''ဟု ဦးထင်အောင်ဇော်က ပြောသည်။
ယွန်းထည်လုပ်ငန်းမှာ ရိုးရာလုပ်ငန်း တစ်ခုဖြစ်ပြီး အဆိုပါရိုးရာ လုပ်ငန်းများကို နိုင်ငံတကာပြပွဲများတွင် ပါဝင်ပြသ နိုင်ပါက ယွန်းထည်ကဏ္ဍမှာ တိုးတက်လာနိုင်မည် ဖြစ်သည်။ ယွန်းထည်ပစ္စည်းများတွင် ပြည်တွင်း အကြိုက်နှင့် ပြည်ပအကြိုက်ဟူ၍ရှိပြီး ပြည်ပအကြိုက်အနေဖြင့် အနက်ခံပေါ်တွင် ပန်းဒီဇိုင်းနှင့် ရိုးရာအကောင် လေးများ ထည့်ထားခြင်းကို နှစ်သက်ကြကြောင်း သိရသည်။
ထုတ်လုပ်မှုဒီဇိုင်းပုံစံများသည် ထုတ်လုပ် သူ၏စိတ်ကူးနှင့် ကြိုက်နှစ်သက်မှုများ အပေါ်အခြေခံ၍ လုပ်ဆောင်ကြပြီး ယွန်း ထည်တစ်ခု ထုတ်လုပ်ရာတွင် ပန်းကန်ကဲ့သို့ ပစ္စည်းအသေးတစ်ခုလျှင် အချိန်ခြောက်လခန့် ကြာမြင့်ကြောင်း သိရသည်။
မြ၀တီ
https://www.facebook.com/mwdmedia